Recent Posts

About Me

အမိမြန်မာနိုင်ငံလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးအတွက်

http://www.dawnmanhon.com/သို့လိပ်စာပြောင်းပါမည်။

Written by thanhtut on Jul 5th, 2009 | Filed under: News

လာရောက်အားပေးဖတ်ရူသော လေးစားအပ်သောညီအကို မောင်နှမများအား အသိပေးလိုပါသည်။ ကျနော်၏ဘလောက်တခုဖြစ်သော ဒေါင်းမာန်ဟုန် http://www.dawnmanhon.co.cc / အား

မကြာမှီအချိန်အတွင်း http://www.dawnmanhon.com/ သို့ လိပ်စာပြောင်းလိုက်ကြောင်းအသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
thanhtut88


ဦးဝင်းတင်ပြောပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း

Written by thanhtut on Jun 21st, 2009 | Filed under: News

ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော်ပြောချင်ပါတယ်။

ဒေါ်စုရဲ့နိုင်ငံရေးဆောင်ရွက်ချက်တွေဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့ စိတ်ဓာတ်အရည်အချင်းလေး ပြောချင်တယ်။ အဲဒီဟာက ဘာလည်းဆိုလို့ရှိရင် ဒေါ်စုရဲ့ စိတ်ဓာတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံး ကနေ ရှိတဲ့တရားပဲ။ ဒါ့အပြင်ကို သူ့မှာ ဇွဲသတ္တိတွေရှိတယ်၊ ဉာဏ်ပညာတွေ ကြီးတယ်၊ ရဲစွမ်းသတ္တိတွေ ရှိတယ်။ တာဝန် သိမှုတွေ ရှိတယ်။ စည်းကမ်းရှိမှုတွေရှိတယ် ဆိုတာဟာ ဒါ အလွန် အရေးကြီးတဲ့ သူရဲ့စိတ်ဓာတ်သတ္တိတွေပဲလို့ ကျွန်တော် သတ်မှတ်ပါတယ်။

အဲဒီအတွက်လည်း ဒါကြောင့်လည်း ဒီလို သတ္တိတွေ ဂုဏ်သတ္တိတွေ ကြီးမားခြင်းကြောင်းလည်း ကျွန် တော်တို့တွေဟာ နိုင်ငံရေးအရ သူ့ထက် ဝါရင့်တဲ့ပုဂ္ဂိုလ်တွေရော၊ ဝါနုတဲ့ပုဂ္ဂိုလ်တွေရော၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေရော၊ အသက်ငယ်တဲ့ပုဂ္ဂိုလ်တွေရော တိုင်းသူပြည်သားအားလုံး ရောက၊ နောက်တခါ ဒါ့အပြင်ကို ကမ္ဘာကပါ သူ့ကို ထောက်ခံ နေကြတာ၊ ဝိုင်းဝန်းနေကြတာ၊ ဝန်းရံနေကြတာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဂျပန်ကဗျာနည်းပေါ့၊ ဟိုက္ကူကဗျာစပ်နည်းနဲ့ ဒေါ်စုရဲ့အရည်အချင်းတွေကို စပ်ထားတဲ့ ကဗျာလေးကို ကျွန်တော် ရွတ်ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင်

‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’
မကြောက်တရား တေးကဗျာ
မီးပုံထဲက ကြာ

ဆိုပြီးတော့ ရေးထားပါတယ်။ အဲဒီကဗျာလေးက ဂျပန်ဟိုက္ကူကဗျာပုံစံနည်းနဲ့ ရေးထားတဲ့ကဗျာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရှေ့ဆုံးမှာပါတဲ့ ‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’ဆိုတာက ‘ရဲ’ ရဲစွမ်းသတ္တိရှိခြင်း၊ အလွန်ရဲရင့်ခြင်း၊ နောက်ပြီးတော့ ‘ဇွဲ’ဆိုတာကတော့ ဇွဲသတ္တိကြီးမားခြင်း၊ ဒီနေ့အထိ မြန်မာပြည်အရေးကို နှစ်မြုပ်ပြီးတော့၊ ဘဝကို နှစ်မြုပ်ပြီးတော့၊ ဒီလောက် နှစ်ပေါင်း များစွာကြာအောင်၊ နှစ်ပေါင်း(၂၀)ကျော် ဟုတ်လား ကြာအောင် လုပ်နေတဲ့ ဇွဲသတ္တိ၊ နောက်တခါ ‘ဉာဏ်’ ဆိုတာကလည်း အလွန်ကြီးမားတဲ့ဉာဏ်ပညာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ အားလုံးက အသိအမှတ်ပြုပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေးဝါရင့်တဲ့ပုဂ္ဂိုလ်ကရော၊ ဝါနုတဲ့ပုဂ္ဂိုလ်ကရော၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ပုဂ္ဂိုလ်ကရော အားလုံးကနေပြီးတော့ ဒေါ်စုရဲ့ ဉာဏ်ပညာကြီးမားမှု၊ ဉာဏ်ပညာဆိုတဲ့နေရာမှာလည်း နိုင်ငံရေးဉာဏ်ပညာပေါ့ဗျာ၊ နိုင်ငံရေးဉာဏ်ပညာကြီးမားကြောင်းကို ပြောတာ ဖြစ်ပါတယ်။ ‘စည်း’ ဆိုတာက ဒေါ်စုဟာ စည်းကမ်းရှိပါတယ်။ စည်းကမ်းရှိတယ်ဆိုတာ ခုစစ်အစိုးရကတော့ စည်းကမ်းရှိတယ်ဆို တာကို ပြော”ပြော နေတာပေါ့။ စည်းကမ်းပြည့်ဝသောတို့ ဘာတို့။ သူတို့ စည်းကမ်းပြည့်ဝတဲ့ဆိုတာက လူတွေကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ကန့်သတ်ဖို့အတွက် စည်းကမ်းကို သူတို့ ပြောနေတာ။ စည်းကမ်းဆိုတဲ့ စကားလုံးကို ယူပြီးတော့။ ဆိုလိုတာကတော့ သူတို့ရဲ့ သံဆူးကြိုး သို့မဟုတ်လည်း သူတို့ရဲ့လက်ထိပ်တွေကို သူတို့က စည်းကမ်းနဲ ထပ်တူပြောနေ တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ လက်ထိပ်လို့ မြင်တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ သံ ဆူးကြိုးလို့ မြင်တယ်။ အဲဒါ။ အဲဒီတော့ ဒေါ်စုက စည်းကမ်းဟာ၊ ကျွန်တော် နည်းနည်းလေး ဆက်ပြောလိုက်အုန်းမယ်။

ကျွန်တော်တို့ အရေး တော်ပုံကာလ ၁၉၈၈ မှာ ဒေါ်စုကို စင်တင်ပြီးတော့၊ ပထမဉီးဆုံး ပွဲဉီးထွက်ပေါ့ဗျာ။ ဟို နောက်ထပ် နှစ်ရက်ကြာမှာ ကျင်းပမယ့်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ကျင်းပမယ့် ဟိုဒင်းကို ပြောတာ မဟုတ်ဘူး။ ရွှေဂုံတိုင်ပွဲမဟုတ်သေးဘူး။ အဲဒီမတိုင်ခင်မှာ စာရေးဆရာ စာနယ်ဇင်းသမဂ္ဂရဲ့ စင်မြင့်ပေါ်မှာ ဒေါ်စု ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့၊ မြန်မာပြည်မှာ ပထမဉီးဆုံးအကြိမ် လူထုနဲ့ထိတွေ့ပြီးတော့ စကားပြောတဲ့စကား။ အဲဒီစကားမှာ သူဘာပြောလည်း၊ တိုတိုလေးပဲ ပြောသွားတယ်။ “ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိကြပါ”ဆိုတဲ့စကားကို ပြောသွားတယ်။ အဲဒါကို ကျွန်တော်က ဒီ‘စည်း’ဆိုတဲ့ဟာကိုလည်း ထည့်ထားပါတယ်။ ဒေါ်စုဟာ စည်းကမ်းပြည့်ဝဖို့ စည်းကမ်းကြီးဖို့ စည်းကမ်း လိုက်နာဖို့ စည်းကမ်းကိုလေးစားဖို့ဆိုတာကို အလွန် တန်ဖိုးထားတယ်ဆိုတာ သူ့ရဲ့ဂုဏ် အရည်အချင်းတခု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။ နောက်တခုကတော့ ‘တာ’ဆိုတာကတော့ တာဝန်သိဖို့။ တာဝန်သိဖို့ကို စည်းကမ်းရှိပြီးတော့၊ ခုဒီစစ်အစိုးရက အမြဲတမ်းပြောတယ်။ စည်း ကမ်းရှိဖို့ကိုပဲ ပြောနေတယ်။ ခုနက ပြောသလို သူတို့က လက်ထိပ်ခတ်ချင်တယ်၊ သံဆူးကြိုးကာချင်တယ်၊ ဒါအတွက် သူတို့က စည်းကမ်းပဲ ပြောနေတယ်။ သူတို့ကြတော့ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတို့၊ တာဝန်သိမှုတို့ကြတော့ စစ်အစိုးရမှာ လုံးဝ မရှိဘူး။ ဒေါ်စုက အဲဒီလို မဟုတ်ဘူး။ ဒေါ်စုက စည်းကမ်းပြည့်ဝမှု၊ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းလေးစားမှု ဆို တာတွေကို တန်ဖိုးထားသလိုပဲ၊
တချိန်တည်းမှာပဲ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ဟာတွေကို အများ ကြီး အလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်က ‘တာ’ဆိုတဲ့ စကားလုံးကို သုံးတာပါ။ အဲဒါကြောင့် ကျွန်တော်ကဗျာရဲ့အစမှာ ‘ရဲ’ ‘ဇွဲ’ ‘ညဏ်’ ‘စည်း’ ‘တာ’ဆိုပြီးတော့ အဲဒီစကားလုံးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။

‘မကြောက်တရား တေးကဗျာ’ဆိုတာကတော့ အားလုံးသိတယ့်အတိုင်းပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စွဲပြီးတော့ ဉီးနှောက် ထဲမှာ စွဲသွားအောင် ရှိစေတဲ့၊ ရသ သဘောဆောင်တဲ့၊ အလင်္ကာသဘောဆောင်တဲ့ တေးကဗျာတပုဒ်ပဲ။ ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျွန်တော်တို့ လူတိုင်းရဲ့ ရင်ထဲအသဲထဲမှာ စွဲသွားစေတဲ့ တရားမျိုးကို သူက ပြောတာ။ နိုင်ငံရေး ဆောင်ပုဒ်ကို ပြောတာ မဟုတ်ဘူး၊ မကြောက်တရားဟာ။ ဒါကြောင့် ကျွန်တော် မကြောက်တရား တေးကဗျာလို့ ပြောပါတယ်။ နောက်တခု ‘မီးပုံထဲက ကြာ’ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ မြန်မာပြည်ဟာ မီးပုံကြီးလို ဖြစ်နေ ပါတယ်။ အဲဒီမီးပုံကြီးကြားထဲမှာ လူတိုင်းဟာ အကုန်လုံးဟာ ညိုးနွမ်းကြေမွပြီးတော့ ပြာပုံ”ပြာတွေ ဖြစ်လုမတတ် ဖြစ်နေ တဲ့အချိန်မှာ ဒေါ်စုဟာ အဲဒီပြာထဲကနေပြီးတော့ ဒီကြားထဲကနေရရုန်းထွက်လာတဲ့၊ မီးပုံထဲက ဖီးနစ်ငှက်လိုပေါ့ဗျာ့၊ မီးပုံထဲက ရုန်းထွက်လာတဲ့ ငှက်လိုပဲ၊ မီးပုံထဲကနေပြီးတော့ သူက ကြာပွင့်တပွင့်လို ပွင့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။ ဒါပါပဲ ခင်ဗျာ။ ကျွန်တော် ပြောချင်တာကတော့ ဒေါ်စုဟာ၊ ဒေါ်စု သူရဲ့ဂုဏ်ရည်သတ္တိတွေဟာ စိတ်ဓာတ်တွေဟာ အလွန်ကို ကောင်းပါတယ်။ ကျွန်တော်တို့ကို လမ်းပြကြယ်ကြီးလိုကို ဖြစ်နေတယ်။

အထူးသဖြင့်ကတော့ ကျွန်တော်စောစောက ကျွန်တော့်ကဗျာလေးထဲမှာ ပါတဲ့အတိုင်းပဲ။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကဲ့အရေးအကြီးဆုံး ဘဝ လောကအမြင် ပါပဲ။ သို့မဟုတ်ရင်လည်း ဘဝဒဿနပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြည်ပမှာ ရောက် နေတဲ့ မြန်မာအမျိုးသားတွေ အမျိုးသမီးတွေ အားလုံးဟာလည်း မကြောက်တရားကိုတော့ ကိုင်စွဲကြပါ။ မကြောက် တရားကို ဖေါ်ထုတ်ကြပါ။ ကျွန်တော်တို့ ပြောနေတာ ကျွန်တော်တို့ နိုင်ငံရေးအတွက်တွင် ပြောတာ မဟုတ်ပါဘူး။ လူ့ ဘဝတခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျွန်တော်တို့တွေဟာ အားနာတယ်ဆိုတဲ့ စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့” ရွေ့ရွေ့သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန် လုံးကို။ ကျွန်တော်တို့ ပြောပြောနေတဲ့ စကားရှိပါတယ်။ ဘာလည်းဆိုတော့ သည်းခံကြပါ။ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ သည်းခံခြင်းတရား တွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။

သို့သော် ကျွန်တော်တို့ဟာ ခေါင်းငုံတော့ မခံဘူး။ အဲဒါက ဘာလည်းဆိုတော့ မကြောက်တရားပါပဲ။ ဒီမိုကရေစီ ကျင့်သုံးခြင်းဟာ ကျွန်တော်တို့က ဒီ သည်းခံလိုက်လျောခြင်းကို လုပ်သော်ငြားလည်း၊ ကျွန်တော်တို့က ဒီမိုကရေစီ ကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည်တခု၊ လက်နက် တခုက ဘာလည်းဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။ အဲဒါနှစ်ခုစလုံးကို ပေါင်းစည်းလိုက်လျှင် ခုနကလို ဒီမိုကရေစီခန္တိတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာ တွေပဲ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တချက် ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုရဲ့မွေးနေ့မှာ ဒေါ်စုဟာ ဒုတိယအရေးအကြီးဆုံး၊ ဒုတိယ အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာသတ္တိက ဘာလည်းဆိုရင် အနစ်နာခံခြင်းပါပဲ။ အနစ်နာခံခြင်းဆိုတာ အားလုံး သိကြ တဲ့အတိုင်းပါပဲ။ ဒေါ်စု ဘယ်လောက်အနစ်နာခံတယ်ဆိုတာ ကျွန်တော်တို့ အနီးကပ်တဲ့လူတွေက ပိုသိပါတယ်။ သူရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး စွန့်လွှတ်ထားတယ်၊ သူရဲ့ဘဝတခုလုံး ဒီမှာ မြုပ်နှံထားတယ်။ လူတိုင်းက ထင်တာ ဒေါ်စုက မြန်မာပြည်လာပြီးတော့ နည်းနည်းပါးပါး တောပြောတောင်ပြော ပြောမယ်၊ နိုင်ငံရေးလေး ဘာလေး လုပ်လို့ရရင် လုပ်မယ်၊ လုပ်မရ ပြန်သွားမယ်ဆိုတဲ့ လူစားမျိုးလို့ သူတို့က ဘယ်လောက်ပဲ ပုံဖေါ်နေနေ၊ ဒေါ်စုက အဲဒီလို လူမျိုး မဟုတ်ဘူးဆိုတာကို ခု နှစ်ပေါင်းနှစ်ဆယ် တိတိ သက်သေပြခဲ့ပြီ။ ဒေါ်စုရဲ့အရည်အချင်းတွေဟာ ပုလဲလုံးမှာ အဆီတက် သလို ဂုဏ်ရည်တွေ တနေ့တခြားတက်လာတယ်။ အဲဒီ ဂုဏ်ရည်တွေထဲမှာ အခိုင်မာဆုံး ဂုဏ်ရည်ကတော့ စွန့်လွှတ်ခြင်း ပေါ့။ ကိုယ်ရေးကိုယ်တာတွေကော အကုန်လုံးကို စွန့်လွှတ်ခြင်း၊ ဒါဟာလည်း အရေးကြီးပါတယ်။ အဲဒီတော့ ဒီစိတ်ဓာတ် မျိုးကိုလဲ ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုကို ပြောတဲ့နေရာမှာ ခုနက ပြောတဲ့ နိုင်ငံရေးစကားတွေ ပြောတာထက်၊ သို့မဟုတ် နိုင်ငံရေးလုပ်ရပ်တွေက ဒါတွေ တကမ္ဘာလုံး သိနေတဲ့ကိစ္စမို့လို့ ကျွန်တော် မပြောတော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ဟာကတော့ အဲဒီ နှစ်ခုပါပဲ။ ကျွန်တော်ကဗျာထဲမှာပါတဲ့ ‘ရဲ’‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’တွေ ဆိုတာတွေ ဟာလည်း ကိုယ့်က လိုက်နာ၊ ဒေါ်စုလိုပဲ နမူနာယူပြီး လုပ်ရင်လည်း အကောင်းဆုံးပေါ့ဗျာ။ လုပ်ကြဖို့ပေါ့။ အထူးသဖြင့် ကတော့ မကြောက်တရားဆိုတာကို ကိုင်စွဲကြပါ။

နောက်တခုကတော့ စွန့်လွှတ်မှုဆိုတာ - အများအတွက် စွန့်လွှတ်ရမယ်၊ တိုင်းပြည်အတွက် စွန့်လွှတ်ရမယ်၊ မိတ်ဆွေအပေါင်းအသင်းအတွက် စွန့်လွှတ်ရမယ်၊ မိသားစုအတွက် စွန့်လွှတ်ရမယ်ဆိုတာ၊ စွန့်လွှတ်တဲ့စိတ်ဓာတ်ကတော့ ကျွန်တော်တို့ ဘယ်အဆင့်မှဖြစ်ဖြစ် ကျင့်သုံးလို့ ရပါတယ်။ အနိမ့်ဆုံး ကိုယ်ရဲ့ ဒီဘဝအတွက်တောင်မှ ကိုယ့်တဘဝ ကိုယ်တယောက်တည်းအတွက်တောင်မှ ဆိုလိုတာကတော့ နောင်သံသရာအတွက်ကို မျှော်ကိုးပြီးတော့ ကိုယ့်ရဲ့ လက်ရှိ ဘဝမှာ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ အနစ်နာခံမှုတွေ လုပ်ရပါတယ်။ ပါရမီဖြည့်ရပါတယ်ဆိုတဲ့ သဘောပဲဗျ။ ချုပ်လိုက်ရင်တော့ (ဒေါ်စုရဲ့) ကျွန်တော်ဒီနေ့ တိုက်တွန်းချင်တာကတော့ ဒေါ်စုမှာ အကောင်းဆုံးဖြစ်တဲ့ စိတ်ဓာတ် စိတ်ပိုင်းဆိုင်ရာ ဂုဏ်ရည်ဟာ ဒီ မကြောက်တရားနဲ့ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း တတ်နိုင်သမျှ ကျင့်သုံးကြပါ။ အဆင့်ဆင့် ကျင့်သုံးကြပါ။ ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးကြပါ။ နည်းမျိုးစုံနဲ့ ကျင့်သုံးပါ။ အခါခပ်သိမ်းလည်း ကျင့်သုံးကြပါ။ နေရာတိုင်းမှာလည်း ကျင့်သုံးကြပါ။ ခု ပြည်ပမှာတင် မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ကျင့်သုံးပါ။ ခုပြည်တွင်းမှ မဟုတ်ဘူး၊ ပြည်ပမှာလည်း ကျင့်သုံးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒီလောက်ပါပဲ ခင်ဗျာ။


ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ခြင်းအပေါ် ဂျပန်ရှိဒီမိုကရေစီအင်အားစုများမှ ပြင်းထန်စွာကန့်ကွက်၊

Written by thanhtut on May 23rd, 2009 | Filed under: News


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းတွင်နေအိမ်အကျယ်ချုပ်မှနေ၍ အင်းစိန်ထောင်အတွင်းသို့ ပြောင်းရွှေ့မတရားရုံးတင်စစ်ဆေးသည့်အတွက် ကန့်ကွက်သည့်အနေနှင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက မြန်မာစစ်အစိုးရအခွန်ရုံး(သံရုံး)ရှေ့သို့ စုရုံးသွားရောက်ဆန္ဒပြကြကြောင်း သိရသည်။


ကန့်ကွက်ဆန္ဒပြသူများကလူထုခေါင်းဆောင်အား အင်းစိန်ထောင်သို့မတရားခေါ်ဆောင်ခြင်းနှင့် ပါတ်သတ်၍ တစုံတရာသောသတင်းထုတ်ပြန်ပေးရန် အခွန်ရုံးတာဝန်ရှိသူများအား ဂျပန်ရဲများ၏အစောင့် အကြပ်ဖြင့် သွားရောက်တောင်းဆိုသော်လည်း မည်သို့မျှပြန်လည်ဖြေကြားခြင်း မရှိကြောင်းတွေ့ရပြီး ဆန့်ကျင်သူများက”လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားချက်ခြင်းလွှတ်”ဟု မြန်မာလိုဖြင့်လည်ကောင်း၊ ”မြန်မာသံရုံးမှဒေါ်အောင်ဆန်းစုကြည်သတင်းကို ချက်ခြင်းပြန်လည်ဖြေကြားပါ”ဟုဂျပန်ဘာသာဖြင့်လည်ကောင်း၊ ”င်္Free Free Daw Aung San Suu Kyi”ဟုအင်္ဂလိပ်ဘာသာဖြင့် လည်ကောင်း ဟစ်အော်တောင်းဆိုဆန္ဒပြကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလိုနေအိမ်အကျယ်ချုပ်မှ ပြောင်းရွှေ့ခေါ်ဆောင်သွားခြင်းအပေါ်”ကျနော်တို့ရဲ့ခေါင်းဆောင်ကိုမတရားသဖြင့် နှစ်ရှည်ထောင်ချဖို့အတွက်ကို နအဖကရည်ရွယ်တာပါ။ နိုင်ငံခြားသားတယောက်က စစ်တပ်ရော၊ လုံထိန်းရော၊ ရဲရော၊ ကြံ့ဖွဲ့ရောစတဲ့ နအဖရဲ့အစောင့်အကြပ်တွေကြားထဲက ဝင်ရောက်ခဲ့တာက နအဖမှာသာအဓိကတာဝန်ရှိတာပါ။ လုံခြုံရေးလုပ်တဲ့သူတွေကိုမဖမ်းဘဲ ကျနော်တို့ခေါင်းဆောင်ကိုရုံးတင်စစ်ဆေးတဲ့သဘောက တမင်တကာအမှုဆင်လုပ်တာဖြစ်တယ်။ ဒါမျိုးလုပ်တာက ဘာကိုရည်ရွယ်သလဲဆိုတော့ ကျနော်တို့ခေါင်းဆောင်ကိုနှစ်ရှည်လများထောင်ဒဏ်ချမှတ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်၊”ဟုNLD-LA(JB)၏ ဒု-ဥက္ကဋ္ဌဦးလင်းအောင်မှ၎င်းတို့၏အမြင်ကိုပြောပြသည်။

ဆက်လက်ပြီး”လူထုခေါင်းဆောင်အား မတရားအမှုဆင်ထောင်သွင်းအကျဉ်းချရန် ကြံစည်လုပ်ဆောင်မှုကို ပြင်းထန်းစွာရှုပ်ချကြောင်း၊ နှစ်ရှည်လများစွာမတရားထိမ်းသိမ်းခံနေရ၍ ကျန်းမာရေးအခြေအနေဆိုးရွားကျဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလွန်စွာစိုးရိမ်းပူပန်ကြောင်းနှင့်နအဖစစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်အား ဂျပန်အစိုးရ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ ချက်ခြင်းအရေးယူဆောင်ရွက်ပေးရန်”စသည့် တောင်းဆိုချက်(၃)ခုပါသည့် ကြေငြာချက်တစောင်ကို ဂျပန်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါတောင်းဆိုချက်ဖြင့် နောက်ရက်များ၌မနက်(၁ဝ)နာရီမှ(၄)နာရီအထိ ဆက်လက်ဆန္ဒပြသွားမည်ဟုသိရသည်။
နောက်ဆုံးသတင်းများအရဒေါ်အောင်ဆန်းစုကြည်အားယနေ့မနက်ပိုင်းတွင် အင်းစိန်ထောင်အထူးတရားရုံး၌နေအိမ်အတွင်းအမေရိကန်လူမျိုးတဦးဝင်ရောက်သည့်အမှုဖြင့် ရုံးတင်စစ်ဆေးကြောင်းသိရပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစ၍ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်များနှင့် NLDခေါင်းဆောင်အချို့အား ၄င်းတို့နှင့်မည်သို့မျှမသက်ဆိုင်သည့် ဥပဒေပုဒ်မများဖြင့်မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည့်အတိုင်း နအဖစစ်အစိုးရအနေနှင့်၂ဝ၁ဝရွှေးကောက်ပွဲမတိုင်မှီ လူထုခေါင်းဆောင်အားလည်းယင်းသို့သောရည်ရွယ်ချက်မျိုးဖြင့် လုပ်ဆောင်လိုခြင်းသာဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားများ၏ သုံးသပ်ပြောဆိုမှုများအရသိရသည်။
Reported by: Thant Myo Htway(Moe Thauk Kye)

ဝက်တုပ်ကွေး အကြောင်းပြပြီး နယ်စပ်ဂိတ်တင်းကြပ်

Written by thanhtut on May 4th, 2009 | Filed under: News


မက္ကဆီကိုနိုင်ငံက စလိုက်တဲ့ ၀က်တုပ်ကွေးဟာ တစ်ကမ္ဘာလုံးကို နေ့ စဉ်နှင့်အမျှကူးစက် ပြန့်ပွားလျက်ရှိပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော CDC အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ ၀က်တုပ်ကွေး ဗိုင်းရပ်သစ်
ကာကွယ်ဆေး အတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ကုသနိုင်တဲ့ဆေးကိုတော့ ယနေ့အထိ ရှာဖွေမတွေ့ရှိသေးပါဘူး။ ဒီဗိုင်းရပ် ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအ ဖွဲ့အ စည်းက Kathy Nauzilကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခုတွေ့ရတဲ့ ၀က်တုပ်ကွေး ဗိုင်းရပ်ရဲ့
မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အ ခု တွေ့နေရတဲ့ ဗိုင်းရပ်ကတမျိုးတည်းပဲ ဖြစ်နေတာပါတဲ့…

အဲ့ဒီလို ကာကွယ်ဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးဟာ ဥရောပကနေ အာရှကိုလည်းကူးစက်လာပါပြီ။ အာရှနိုင်ငံများအနက် ၀က်တုပ်ကွေးရောဂါစတင် ဖြစ်ပွားတဲ့နိုင်ငံများကတော့ တရုတ်နဲ့ ယိုးဒယားနိုင်ငံပါ။ မြန်မာနိုင်ငံဟာ တရုတ်၊ ယိုးဒယား နဲ့  အိမ်နီးချင်းနိုင်ငံဖြစ်ပြီး စီးပွားရေးအရ ဆက်ဆံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ယိုးဒယားမှာဝက်တုပ်ကွေးစတင်ဖြစ်ပွား လာလို့ နယ်စပ်တွင်နေထိုင်သူများအဖို့ ၀က်တုပ်ကွေးရောဂါယိုးဒယားက တဆင့်ကူးစက်လာမှာကို အလွန်စိုးရိမ်ထိတ်လန့် နေကြပါတယ်မြန်မာစစ်အစိုးရ ကလည်းနယ်စပ်ဂိတ်တွေကို တင်းကြပ်ထားပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့အ လုပ်သမားတစ်ဦးကတော့ “ ဒီမှာတော့ဝက်တုပ်ကွေးကူးမှာကို အရမ်းလန့်နေကြတာ။ ဂိတ်ကလည်း အခုတစ်လောအရမ်းတင်းကြပ်နေတော့ ပြန်လို့လဲမရဘူး။ သူများတွေပြောလို့ mask
တော့ဝယ်ထားတယ်။ ဒါပေမဲ့ အလုပ်ထဲမှာဆိုတော့ မစွတ်ထားနိုင်ပါဘူး။ မရှိလို့ဒီမှာ အလုပ်လာလုပ်ပါတယ် ရောဂါရနေမှာလည်း စိုးရသေးတယ်” ဟုပြောပါတယ်။မဟာချိုင် ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးကတော့ “ ဒီမှာအလုပ်လုပ်တာတော့ မကြာသေးပါဘူး။ အကိုနဲ့ နှစ်ယောက်အတူလာ
တာ။ အကိုက ခဏပြန်သွားတယ်။ အခုထိပြန်မလာသေးဘူး။ ၀က်တုပ်ကွေးကြောက်လို့လားတော့မသိဘူး။ ဒီမှာ အကိုအတွက် ဘတ်ရိုက်ပေးဖို့လည်းရှိသေးတယ်။စာရင်းတော့ပေးထားတယ်။ ဂိတ်ကလည်း အခုအ ၀င်အထွက်တွေကို ပိတ်ထားတယ်။´´ဟုပြောပါတယ်။

မဟာချိုင်မှာတော့ ၀က်တုပ်ကွေးကြောင့် မြန်မာအလုပ်သမားတွေပြန်မှာကိုစိုးရိမ်နေပြီး အလုပ်သမားကဒ်ထုတ်ပေးမယ်ကြောင်းပြကာ ဆွဲဆောင်ထားရတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင် နဲ့  ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကတော့နယ်စပ် ဂိတ်တွေမှာ စစ်ဆေးပိတ်ပင်မှုတွေ လုပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို
ထိခိုက်မှာ အထူးစိုးရိမ်လျက်ရှိပါတယ်။ မြန်မာစစ်အစိုးရကတော့ ၀က်တုပ်ကွေးကိုအကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်။
သတင်းပေးပို့သူ။ ။007gwburmese@gmail.com


၂၀၁၀ ရွေးကောက်ပွဲသာ လွတ်လပ်၍ တရားမျှတမည်ဆိုလျှင် …

Written by thanhtut on May 2nd, 2009 | Filed under: articles

ကျော်စွာမိုး

၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် ဆိုပါက ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရရှိခဲ့သော ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းထက် မလျော့ဘဲ နိုင်မည်မှာ သေချာပေါက် ခန့်မှန်းနိုင်ပါသည်။

ဤသို့အကောင်းမြင်ရခြင်း၏ အခြေခံအကြောင်းအရင်းတချက်မှာ လက်ရှိစစ်အစိုးရကျူးလွန်ခဲ့သည့် ၎င်းတို့အား ဆန့်ကျင်သူများကို နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခြင်းနှင့် ရိုသေကိုင်းရှိုင်းအပ်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ အပါအ၀င် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းမျိုး စသည့် မည်သည့်ရာဇ၀တ်မှုကိုမျှ NLD က ကျူးလွန်ခဲ့ခြင်း မရှိခဲ့ပါ။

ထို့အပြင် အခြားဆီလျော်သောအကြောင်းရင်းများလည်းရှိပါသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ က ရွေးကောက်တင်မြှောက်ထားသော နိုင်ငံရေးပါတီတခုဖြစ်ပြီး စစ်အစိုးရသည် ရက်စက်ကြမ်းကြုတ်သော အစိုးရ တရပ် ဖြစ်သည်။ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း အလွန်ဆန့်ကျင် ခြားနားပါသည်။ ဘုန်းတော်ကြီးများကို သွေးအေးအေးဖြင့် သတ်ဖြတ်သူနှင့် ရိုးသား ပွင့်လင်းသော NLD ခေါင်းဆောင်ကို လုံးဝနှိုင်းယှဉ်၍ မရနိုင်ပါ။

သို့သော် NLD သည်လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကတည်းက ပြည်သူက အခွင့်အာဏာအပ်နှင်းထားခဲ့သော်လည်း ဒီမို ကရေစီပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်စွမ်းမရှိသောကြောင့် လူကြိုက်များမှု တနေ့တခြား ကျဆင်းနေသည် ဟု ဝေဖန်သူများက ပြောဆိုနေပါသည်။ စစ်အစိုးရ၏ ပြင်းထန်သည့် ဖိနှိပ် ချုပ်မှုတွေမရှိပါက ဤဝေဖန်ချက် မှန်ပါ သည်။

ထို့အတူ စစ်အစိုးရနှင့် ၄င်းတို့ အားပေးအားမြှောက်ပြုမှုဖြင့် ၂၀၁၀ ရွေးကောက်ပွဲအကြို ဖွဲ့စည်းလှုပ်ရှားလာကြမည့် ပါတီများသည်လည်း ခြားနားမှု တစုံတရာမတွေ့ရနိုင်ပါ။

အကြောင်းအကျိုးနှင့် စဉ်းစားမည်ဆိုလျှင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သော စစ်အစိုးရ သည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း NLD အနိုင်ရမည်ကို လက်မခံမှာ သေချာသည်။

တစ္ဆေကဲ့သို့ ခြောက်လှန့်နေခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်မျိုးကို နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက တွေ့မြင် လိုကြမည် မဟုတ်ပါ။

မှားခဲ့သောအမှားကို နောက်တကြိမ်းထပ်မကျူးလွန်ရစေရန် လာမည့်ရွေးကောက်ပွဲတွင် ၄င်းတို့ထောက်ခံအားပေးထား သောပါတီများ မဲအများစုဖြင့် အနိုင်ရရှိစေရန် ဗိုလ်ချုပ်ကြီးများက နည်းလမ်းရှာထားပါလိမ့်မည်။ စစ်အစိုးရကိုယ်စား လှယ် များဖြင့် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်မှလက်သင့်ရာရွေးချယ်ခန့်အပ်မည့် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ကို အထက်နှင့်အောက်လွှတ်တော်တို့တွင် ရရှိထားပြီးအပြင် ပိုပြီးသေချာမှုရှိစေရန် လုပ်ဆောင်မည် ဖြစ်ပါသည်။

ထို့ကြောင့် စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးရန် အကြောင်းမမြင်ပါ။

အိမ်နီးချင်းထိုင်းနိုင်ငံက အစိုးရဆန့်ကျင်သော အဓိကရုဏ်းများကဲ့သို့ ဒေသတွင်းဖြစ်ရပ်များကလည်း ၎င်းတို့၏ လမ်းပြ မြေပုံအတိုင်း ဆက်လက်လျှောက်လှမ်းရန် ဗိုလ်ချုပ်ကြီးများကို ပိုမို ခိုင်မာပြတ်သားစေပါလိမ့်မည်။

ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် ဖယိုဖရဲဖြစ်ခဲ့ရသော အာဆီယံအသင်းကြီး၏ နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးမှ ရဟတ်ယာဉ်ဖြင့် သူ့ကို မည်ကဲ့သို့ ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင်များကို ဖောက်သည်ပြန်ချပါလိမ့်မည်။ ထိုင်းနိုင်ငံ ၏ ဒီမိုကရေစီကိုလည်း ၎င်းတို့အမြဲသုံးနေကျစကားအတိုင်း `မင်းမဲ့စရိုက်´ဟုပြောဆို၍ လှောင်ပြောင်ရယ်မောကြမည် မှာ သေချာပါသည်။

နောက်ဆက်တွဲဖြစ်လာနိုင်သည်က သူတို့ပြောနေသည့်`စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´စနစ်ဆီ ဆက်လက် ချီ တက်လျှောက်လှမ်းရန် ဆုံးဖြတ်ချက်များလည်း အလျင်ကထက်ပိုပြီး ခိုင်မာလာပါလိမ့်မည်။

နိုင်ငံတကာအသိုင်းအ၀န်း၏ဝေဖန်မှုများနှင့် တောင်းဆိုမှုများအပါအ၀င် မည်သည့်အရာကမျှ မြန်မာစစ်ဗိုလ်ချုပ်ကြီး များ၏ သံန္နိဌာန်ကို ပျက်ပြားအောင်လုပ်နိုင်ပုံမရပါ။

ဇန်န၀ါရီလတွင် စတင်၍ အာဏာ လွှဲပြောင်းရယူခဲ့ပြီးကတည်းက အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် သူ၏ အစိုးရသည် ယခင်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် အစိုးရလက်ထက်က ကမ္ဘာပေါ်ရှိ အာဏာရှင်အစိုးရများ ဖြစ်သော အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနိုင်ငံတို့နှင့်ပတ်သက်ပြီးချမှတ်ခဲ့သော မူဝါဒများကို ပြန်လည်ဆန်းစစ်နေ ပါသည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏မြန်မာနိုင်ငံကို ချဉ်းကပ်ပုံ ပြောင်းလဲနိုင်သည့်အလားအလာသည် စစ် အစိုးရကို မူဝါဒများ ပြန်လည်ဆန်းစစ်လာစေရန် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပါ။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားပါတီများအားလုံး ပါဝင်လာနိုင် ရန် ၄င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရအနေဖြင့် ပြန်လည်လေ့လာသုံးသပ်မှုပြုပါရန် နိုင်ငံတကာအသိုင်း အ၀န်းက တောင်းဆိုခဲ့ပါသည်။ သို့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သူသည် နိုင်ငံတော်၏ရန်သူဖြစ်သည် ဟု စစ်အစိုးရက ပြောခဲ့ပါသည်။

တနည်းပြောရလျင် ပြည်တွင်းပြည်ပမှ တောင်းဆိုနေမှုများနှင့် အကြံဉာဏ်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စစ်အစိုးရက ၄င်းတို့ ၏ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် နိုင်ငံရေးလမ်းပြမြေပုံကို သေချာပေါက် ဆက်လက် အကောင်အထည် ဖော်သွားပါလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲကို မည်ကဲ့သို့ကျင်းပမည်၊ ထို့နောက် မည်သည့်ရလဒ်ထွက်ပေါ်လာလိမ့်မည် ဆိုသည့်အချက်မှာ ရှင်းပါသည်။ ထို့ကြောင့်၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် စစ်အစိုးရ က စွန့်စွန့်စားစား ခွင့်ပြုရန် အလားအလာမရှိသည်မှာ သေချာနေပါသည်။

ကျော်စွာမိုး ရေးသားသည့် Regime Faces Crushing Defeat if Election is Free and Fair ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။


လှောင်အိမ်ထဲက လွတ်လာတဲ့ ခြင်္သေ့ကြီး

Written by thanhtut on Oct 12th, 2008 | Filed under: News


မောင်စွမ်းရည်
အောက်တိုဘာ ၉၊ ၂၀၀၈

တင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်က လွတ်လာပြီဆိုတော့ ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ နဲ့ ဒေါ်အမာ)တို့ကို ပြေးပြီး သတိရလိုက်မိပါတယ်။ ဦးဝင်းတင်က လူထုဦးလှ နဲ့ ဒေါ်အမာ တို့ကို မန္တလေးလူငယ်တွေ ခေါ်ကြသလိုပဲ ဦးလေးနဲ့ ဒေါ်ဒေါ်လို့ ခေါ်ပါတယ်။ တကယ့်ဆက်ဆံရေးကလည်း တူ သား အရင်းလိုပါပဲ။ ဦးလေး ကွယ်လွန်ပြီး ဒေါ်ဒေါ် ရန်ကုန်ကို အလည်လာတော့ မန္တလေးဇာတိ တူသားတယောက်လိုပဲ ရင်းနှီးတဲ့ မင်းသားကြီး ဦးထွန်းဝေက သူ့အိမ်မှာ ဂုဏ်ပြု ဧည့်ခံပွဲ လုပ်တယ်။

စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ အနုပညာလောကက လူစုံပါတယ်။ အဲဒီပွဲမှာ ဧည့်သည် လေးငါးယောက်က ဂုဏ်ပြုစကား ပြောကြတော့ ဦးဝင်းတင်က “ကျနော့်အမေအရင်းရဲ့ အမည်ကလည်း ဒေါ်အမာပါ၊ လူထုဒေါ်အမာကိုလည်း ကျနော် အမေလိုပဲ သဘောထားပါတယ်။ အမေ မသေပါနဲ့အုံး။ နှစ် ၃၀ လောက် တောင့်ထားပါအုံး” လို့ ပြောခဲ့ပါတယ်။ အမေကလည်း နှစ် ၂၀ လောက်တောင် အောင့်ထားပြီး သတင်းစာဆရာတို့ရဲ့ ကိုယ်စား တိုင်းပြည်အတွက် ပြောစရာ ဆိုစရာ ရှိတာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ ငယ်စဉ် စာတွေပေတွေ ဖတ်ရှုလာစကတည်းက သတင်းစာဆရာ ဖြစ်ဖို့ကိုပဲ စိတ်သန်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တက္ကသိုလ်ရောက်စ၊ အသက် ၁၉-၂၀ အရွယ်ကတည်းကစပြီး ၀င်ခွင့်ရသမျှ စာနယ်ဇင်း ကြီးငယ်တွေမှာ သတင်းစာတိုက်တခု မပြုတ်မချင်း၊ မပိတ်မချင်း ၀င်ရောက်လုပ်ကိုင်ခဲ့တာဟာ ၁၉၇၈ ခုနှစ် ဟံသာဝတီသတင်းစာတိုက် ပိတ်ပြီး စစ်အစိုးရက သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ချိန် အထိ ပါပဲ။ ဒါတောင် ရှစ်လေးလုံးကာလမှာ ရသမျှ အခွင့်အရေးကလေး ယူပြီး သတင်းစာ ထုတ်လိုက်ပါသေးတယ်။ ၀င်ရေးစရာရှိတဲ့ တခြားစာနယ်ဇင်းတွေမှာလည်း ရေးခဲ့ပါတယ်။ သူအလုပ်ပြုတ်တော့ အသက် ၅၀ မပြည့်သေးပါဘူး။ ဉာဏ်မီးတောက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ နိုင်ငံအတွက် အဖိုးတန် သားရတနာတွေကို စစ်ဝါဒီဗိုလ်ချုပ်တစုက အခုလိုပဲ ဖြုတ်ထုတ်သတ်နေတာ ကြာပါပြီ။

ဟံသာဝတီသတင်းစာဆိုတာက ၁၈၉၇ ခုနှစ်မှာ မစ္စတာ ရစ်ပလီက တည်ထောင်ခဲ့တာပါ။ သူက မင်းတုန်းမင်းကြီးရဲ့ မွေးစားသားတယောက်ပါ။ သားတော်ရင်းတွေနဲ့ ရွှေမြို့တော်မှာ ပညာသင်ဖက်ပါ။ သူ့ပုံနှိပ်တိုက်ဟာ ပိဋိကတ်သုံးပုံရော၊ ပုံမနှိပ်ဖူးသေးတဲ့ ရှေးစာပေတွေရော၊ လွှတ်တော်သုံး ရေးထုံးသတ်ထုံးတွေနဲ့ တလုံးတပါဒ အမှားမခံဘဲ ရှေးဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်ကြီးပါ။ ၁၇၉၈ ခုနှစ်က တည်ထောင်တာ ဆိုတော့ ခုဆိုရင် ၁၁၁ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ဟံသာဝတီသတင်းစာလည်းရှိ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့လည်းရှိ၊ ဦးဝင်းတင်ရော ကျနော်တို့ရော မန္တလေးမှာ အတူရှိနေခဲ့ကြရင်တော့ ရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြမှာ မလွဲပါဘူး။ ခုလို အဖိုးတန် သက်တော်ရှည် စာအုပ်တိုက်ကြီးတွေ၊ သတင်းစာတိုက်ကြီးတွေကို ပိတ်ခဲ့ဆို့ခဲ့ ဖျက်ဆီးခဲ့တာလည်း စစ်ဗိုလ်ချုပ်တစုပါပဲ။ ဒီလို အကုသိုလ်တွေ ရပ်ကြဖို့ ကောင်းလှပါပြီ။

ကြေးမုံသတင်းစာကြီးမှာ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းက စီမံအုပ်ချုပ်ရေးမှာသာ အဓိက လုပ်ခဲ့တာပါ။ ဦးသောင်းက စည်းရုံးရေး၊ စီမံအုပ်ချုပ်ရေး ကောင်းပါတယ်။ ဆရာဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးကြီးမောင်၊ ဦးဝင်းတင် စတဲ့ စာပေ လူရည်ချွန်တွေကို စုစည်းပြီး ကြေးမုံသတင်းစာကြီးကို ထူထောင်ခဲ့ရာမှာ ဦးဝင်းတင်ဟာ အမှုဆောင်အယ်ဒီတာအဖြစ်နဲ့ တိုက်ထိုင်အယ်ဒီတာကြီ ဖြစ်ပါတယ်။ အသောက်အစား၊ လောင်းကစား စတဲ့ ကိစ္စတွေ ကင်းပါတယ်။ လွန်ကျွံတာ ဘာမှ မရှိပါဘူး။ ဆေးလိပ် မသောက်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာက “လူပေလူတေ”ကြီးတွေ များပေမဲ့ သူက မပေ မတေဘဲ တိုက်ကိုလာသမျှ လူငယ်ကဗျာဆရာတွေ ပန်းချီကာတွန်းဆရာတွေကို ဧည့်ခံပြုစုနေလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးမှာ သတင်းစာအယ်ဒီတာတချို့ အဖမ်းခံရတော့ အပြင်မှာ ကျန်ရစ်တဲ့ သားသမီးတွေ ကျောင်းနေရေးကအစ သူ့လခ သူမသုံးဘဲ ထောက်ပံ့ကူညီခဲ့သူပါ။ သူက သတင်းစာနဲ့ အိမ်ထောင်ကျနေသူလို့ ပြောခံရသူပါ။ အိမ်ထောင် မရှိပါ။ သူနဲ့ တသက်လုံး ရင်းနှီးလာတဲ့ ဆရာဒဂုန်တာရာကတော့ “သူကား သတင်းစာအလုပ်ကို ဧကမူစိတ်နှင့် လုပ်နေသူတည့်”လို့ မှတ်ချက်ချခဲ့ပါတယ်။ [ဒီအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း ရေးဖူးပါတယ်။]
ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းစာဆရာကြီးတွေကို အထူး လေးစား အားကျပါတယ်။ ဦးခင်မောင်လတ်တို့နဲ့လည်း တူသားအရင်းလို ခင်မင်ရင်းနှီးပါတယ်။ ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ဖွင့်ပွဲလုပ်တော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေး သတင်းစာဆရာ၊ စာရေးဆရာကြီးများကို အမှူးထားပါတယ်။ ဦးလေး လူထုဦးလှက ဂုဏ်ပြုကြိုဆိုစကား ပြောတော့ ထုံးစံအတိုင်း ပုံပြင်လေးတခုနဲ့ ခြေဆင်းပြောပါတယ်။

တခါက ခြင်္သေ့မကြီးတကောင် သားဖွားတော့ သားသမီးတွေ တပြုံကြီး မွေးလေ့ရှိတဲ့ မြေခွေးမက မီးနေ မေးလာသတဲ့။ ခြင်္သေ့မကတော့ သားတကောင်းတည်းပဲ မွေးထားတယ်။ မြေခွေးမက “ဟင်-ရှင် မွေးတာ တကောင်တည်းပါလား”လို့ မလိုတမာ လေသံနဲ့ မေးသတဲ့။ ဒီတော့ ခြသေ့င်္မကြီးက “အေး ဟုတ်တယ်၊ တကောင်းတည်းတော့ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ခြသေ့င်္ဟဲ့” လို့ ပြန်ပြောလိုက်သတဲ့။ မြန်မာသတင်းစာ စတင်ပေါ်ထွန်းရာ မန္တလေး ရတာနာပုံမြို့ကြီးမှာ စစ်အစိုးရရဲ့ကောင်းမှုကြောင့် စာနယ်ဇင်း တစောင်တလေမျှ မရှိတော့တဲ့ကာလမှာ ဦးဝင်းတင်လို ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ သတင်းစာကြီးတစောင် လာဖွင့်တာဆိုတော့ ဦးလေး လူထုဦးလှက ဒီဖွင့်ပွဲအတွက် အထိုက်တန်ဆုံးပုံပြှုလေးနဲ့ ချီးမြှင့်ခဲ့တာဟာ ပြောစမှတ် ပြုရပါတယ်။ ခု ဦးဝင်းတင်တယောက် ထောင်ကလွတ်လာပြီဆိုတော့ ဦးလေးကို အမှတ်ရပြီး “ဦးလေးရဲ့သား ခြသေ့င်္ကြီး လှောင်ချိုင့်က လွတ်လာပြီ ဦးလေးရေ”လို့ ဟစ်အော် တိုင်တည်လိုက်ချင်မိတာကတော့ ကျနော့်ရင်ထဲမှာ ပေါ်လာတဲ့ ဆန္ဒပါပဲ။

ဦးဝင်းတင်က မန္တလေးမှာဆိုရင် ဦးလေးနဲ့အတူ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေး အရေးကြီးငယ်ဟူသမျှ လက်ညီ တက်ညီ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလေး သူ့ကိုယ်သူ ပြောလေ့ရှိသလို “မယားပါ မန္တလေးသား”မျိုး ဖြစ်အောင်အထိ ဦးဝင်းတင်အတွက် မြို့မိမြို့ဖတွေက လိုလားခဲ့ကြပါတယ်။ ပါမောက္ခချုပ်ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နဲ့ သတင်းစာဆရာ ဦးဝင်းတင် တို့ဟာ ဦးလေးနဲ့တကွ မြို့လူထုကပါ အသည်းစွဲ ချစ်ခင်ခြင်းခံကြရတဲ့ အမိ မန္တလေးရဲ့ အမွေစား အမွေခံ မွေးစားသားရတနာတွေ ဖြစ်ခဲ့ကြပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အရင်းနှီးဆုံး ချစ်မိတ်ဆွေတွေလည်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ဦးဝင်းတင်က ရတနာပုံမြို့တော်သားတွေ ပြောလေ့ရှိခဲ့တဲ့ “မန်းမနီး ရေဝေး”ကပါ။ ကြို့ပင်ကောက် ဇာတိပါ။ မိဘတွေက ဦးပု၊ ဒေါ်အမာ တဲ့။ ကုန်သည်မျိုးရိုးပါ။ သားသမီး မွေးချင်း သုံးယောက်အနက် သားကြီးသြရဿပါ။ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဆိုတော့ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးဖွားခဲ့သူ ရွှေမန်းသားစစ်စစ် ဆရာမောင်သာရနဲ့မှ ရွယ်တူပါ။ နိုင်ငံရေးကိုတော့ ငယ်စဉ်ကပဲ ၀ါသနာပါခဲ့ဟန် တူပါရဲ့။ နိုင်ငံရေးဗေဒ နဲ့ ခေတ်သစ်သမိုင်းကို ယူခဲ့ပါတယ်။ စာပေ၀ါသနာ အရင်းခံရှိလို့ အင်္ဂလိပ်စာပေကိုလည်း တွဲယူခဲ့ပြီး ၁၉၅၃ မှာ ၀ိဇ္ဇာဘွဲ့ ယူခဲ့သူပါ။

ဘွဲ့ရတော့ စာပေဗိမာန်မှာ ၀င်လုပ်တယ်။ ၀င်လုပ်ရင်း နယ်သာလန်နိုင်ငံ ဒတ်ခ်ျ အမျိုးသားသတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ ဂျမ်ဘာတမ်ကုမ္ပဏီကို သွားပြီး “လူထုသိပ္ပံ”အတွဲများနဲ့ နှစ်ငါးဆယ် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုတဲ့ စာအုပ်တွဲများကို ကြီးကြပ် ပုံနှိပ်ရင်း သတင်းစာပညာ၊ ပုံနှိပ်ပညာ၊ စာအုပ်တည်းဖြတ်မှုပညာ၊ ထုတ်ဝေမှုပညာတွေကို သုံးနှစ်မျှ သင်ယူခဲ့ရပါတယ်။ နယ်သာလန်မှာက ဗင်ဂိုးပြတိုက်ကြီးလည်း ရှိတယ်ဆိုတော့ ဥရောပက ပန်းချီပြတိုက်တွေ၊ ပြပွဲတွေကို လေ့လာခံစားဖို့လည်း မမေ့မလျော့ လုပ်ခဲ့ပါတယ်။ နယ်ချဲ့တို့၊ ဖက်ဆစ်တို့ရဲ့ ခြေရာလက်ရာတွေကိုလည်း လက်တွေ့ ရှုမြင် သုံးသပ်ခွင့် ကြုံခဲ့ရပါတယ်။

ကျနော် နယ်သာလန်က စာပေစာတမ်းဖတ်ပွဲတခုကို သွားတော့ သူငယ်ချင်း တင်မိုးရဲ့ သမီး ဒေါက်တာ မိုးမိုးနျင်းလိုက်ပြလို့ ဦးဝင်းတင်တို့၊ ဦးတင်မိုးတို့ သွားခဲ့ ရောက်ခဲ့ လေ့လာခဲ့တဲ့ နေရာတွေကို ရောက်ခဲ့ရတော့ သူတို့နှစ်ဦးလုံးနဲ့ လည်ပင်းဖက်ပြီး သွားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဆရာတင်မိုးက နယ်သာလန်မှာ နေပေမယ့် ဂျပန်ကို စာပေဟောပြောပွဲ သွားနေခိုက်ဖြစ်လိုပ မဆုံခဲ့ရတာပါ။ ဦးဝင်းတင်ကတော့ ထောင်ထဲမှာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ခင်ကတော့ ဦးဝင်းတင်ရဲ့အခန်းဟာ ကျနော်တို့ရဲ့ စုရပ်ပါ။ ပန်းချီပြပွဲတွေ ရှိရင်တော့ ဦးဝင်းတင်နဲ့ အတူကြည့်ရတာ အလွန် ပညာလည်းတိုး၊ ရသလည်းတိုးပါတယ်။ ဦးဝင်းတင်ဟာ “အလှရှာတော်ပုံ” ဆိုတဲ့ စာအုပ်တအုပ် ပြုစုပြီး မြန်မာလူငယ်တွေကို မြန်မာ့ပန်းချီသမိုင်း၊ ကမ္ဘာ့ပန်းချီသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့သူတဦး မဟုတ်ပါလား။

ရန်ကုန် သရက်တောဘုန်းကြိးကျောင်းတွေနားက၊ လမ်းသစ်ရိပ်သာထပ်က တိုက်ခန်းတခုမှာ ဦးဝင်းတင် နေခဲ့ပါတယ်။ သူ့အိမ်ပြတင်းမှာ သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့ ပန်းအိုးကြီးတွေ ချိန်ထားတယ်။ အဲဒီတိုက်ခန်းမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ရဲ့ အခန်းတွေလိုပဲ စာအုပ်ပုံအကြီးကြီးတွေ အပြည့် ရှိပါတယ်။ အဲဒီအခန်းမှာ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား စတဲ့ သူ့အပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး သူ့ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးလေ့ ရှိပါတယ်။ မန္တလေးမှာ အိမ်နေရာ နှစ်ခါပြေင်းခဲ့ပါတယ်။ နှစ်ခါလုံး ကျနော်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အပေါင်းအသင်း ကြီးငယ်တွေကို ဖိတ်ခေါ် ကျွေးမွေးရင်း စာအကြောင်း ပေအကြောင်းတွေကို ဆွေးနွေး ပြောဆိုလေ့ ရှိခဲ့ပါတယ်။
ဦးဝင်းတင်ဟာ သတင်းစာဆရာအသင်း အတွင်းရေးမှူးလည်း လုပ်ခဲ့၊ သတင်းစာဆရာ သင်တန်းတွေမှာလည်း ကထိက လုပ်ခဲ့ ဆိုတော့ သတင်းစာသမား တပည့်တပန်း အပေါင်းအသင်းကလည်း အလွန်များပါတယ်။ တပည့်တွေထဲမှာ စစ်ဗိုလ်တွေလည်း ပါကြပြီး သူ့ကို လေးစား ချစ်ခင်ကြပေမယ့် အကျွမ်းတ၀င်တော့ နေရလောက်အောင် ကံမကောင်းကြရှာပါ။ သူ့အိမ်မှာ ဆုံလေ့ရှိတဲ့ ပရိသတ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဖိတ်ခေါ်ရဘဲ ဦးဝင်းတင်နဲ့အတူ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြပါတယ်။

ဦးဝင်းတင်ဟာ ပေါ်သစ် အမည်နဲ့ စာပေဝေဖန်ရေး၊ ပန်းချီဝေဖန်ရေးတို့ကို ရေးသားရာမှာ ပညာရှင်များ လေးစားလောက်အောင် အဆင့်အတန်း မြင့်ပါတယ်။ မောင်ဝန်ဇင်း၊ ပြည့်စုံ၊ မောင်ကြီးမြိုင်၊ ကိုဒေါင်း၊ စာသမား၊ မောင်သစ်ဆင်း စတဲ့ နာမည်တွေနဲ့လည်း သူ့သူငယ်ချင်း မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းမှာ စာစုံ ရေးခဲ့ပါတယ်။ ဒီအမည်တွေနဲ့ သူရေးခဲ့တယ်လို့ သူက မပြောဖူးခဲ့၊ ကျနော်တို့ကလည်း မမေးဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီလက်ရာတွေကိုကြည့်ပြီး သူမှတပါး တခြားလူတွေ ရေးနိုင်ဖွယ်မရှိပါ ဆိုပြီး ကျနော်ကတော့ ဒီအမည်တွေကိုလည်း သူ့အမည်အဖြစ်နဲ့ စာရင်းကောက်ထားလိုက်ပါတယ်။ ခု သူ ထောင်ကလွတ်လာတော့ သူ့ကို လှမ်းမေးပြီး ဒီကလောင်အမည်ခွဲတွေကို အတည်ပြုရပါဦးမယ်။
ဟံသာဝတီသတင်းစာဟာ မဆလသတင်းစာပါ။ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ကို ၀ါဒဖြန့်ခိုင်းတာပါ။ ဒါပေမဲ့ ဦးဝင်းတင်က “သတင်းစာဆိုတာ ဘာလဲ” ဆိုတဲ့ ခေါင်းကြီးနဲ့ စပြီး “ချဲ”ပါတယ်။ နောက်ထပ်လည်း အကြိမ်ကြိမ် ဒါကိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ သတင်းစာဆိုတာ အာဏာရှင်တွေ ငွေရှင်ကြေးရှင်တွေ မဟုတ်တာ လုပ်ရာမှာ ကာကွယ်ပေးတဲ့ “စက္ကူကန့်လန့်ကာ” မဟုတ်၊ ပြည်သူတွေ အမှန်မမြင်ရအောင် နားမျက်စိကို ဖုံးကွယ်ပေးတဲ့ “စက္ကူမျက်နှာဖုံး”လည်း မဟုတ်၊ ၀ါဒဖြန့်စာရွက်လည်း မဟုတ်၊ “ဘုန်းတော်ဘွဲ့”လည်း မဟုတ်၊ အားလုံးကောင်းပါသည် ဆိုတဲ့ “အစီရင်ခံစာ”မျိုးလည်း မဟုတ်၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့ရဲ့ “ဖောင်တော်စီးလက်မှတ်”လည်း မဟုတ်၊ ပြည်သူတွေနဲ့ အစိုးရကြား၊ အစိုးရနဲ့ အစိုးရချင်းတို့ရဲ့ကြား၊ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ကြား ဘာသာပြန်ပေးတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ ပြည်သူတို့ရဲ့ အာဘော၊ ပြည်သူတို့ကို အသိပညာပေးတဲ့စာ၊ ပြည်သူတို့ကို လှုံ့ဆော်တဲ့ စာကိုမှသာ သတင်းစာခေါ်တယ်။ ပြည်သူတွေကို မှောင်ချခြင်းဟာ မကောင်းမှုလုပ်ချင်လို့ အမှောင်ကြိုက်တဲ့ ခိုးသားဓားပြတွေရဲ့ အကြိုက်သာဖြစ်တယ်လို့လည်း သတင်းတွေကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့ လုပ်ချင်သူတွေကို ဒဲ့ဒိုး ချဲခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်၊ စာပေလတ်လပ်ခွင့်ရှိဖို့ပါပဲ။

မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အနေနဲ့ ဦးလေး လူထုဦးလှ ဦးဆောင်ပြီး ကျနော်တို့ လုပ်နေတဲ့ စာတမ်းဖတ်ပွဲတွေဟာ မဆလအစိုးရရဲ့ စာပေလုပ်သားအဖွဲ့ ပေါ်လာတော့မှာမို့ ရပ်လိုက်ရတယ်။ ဦးဝင်းတင်က စာတမ်းဖတ်ပွဲတွေကို သူ့ရဲ့ ဟံသာဝတီသတင်းစာ “စနေစာပေ၀ိုင်း” မှာ ဆက်လုပ်တယ်။ ကြုံရင်ကြုံသလို လုပ်ရင်းက ရန်ကုန်က စာရေးဆရာတွေလည်း ပါဝင်လာကြတယ်။ စာအုပ်တွေလည်း ထုတ်တယ်။ မန်း ဟံသာဝတီ ငါးနှစ်မြောက်အထိမ်းအမှတ် စာအုပ်လည်း ထုတ်တယ်။ အဓိကကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ ဒီလိုဟာတွေ ပြောလွန်းလို့လည်း ဗိုလ်နေ၀င်းကိုယ်တိုင် မျက်စိစပါးမွေး စူးလာပြီး သတင်းစာလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်ချလိုက်ခဲ့တာ ဖြစ်ပါတယ်။

ခု ဦးဝင်းတင် ထောင်က လွတ်လာပြီ။ ပြည်ပက သတင်းဌာနမျိုးစုံနဲ့ ပြောကြ ဆိုကြတာတွေကို ကြားရသူတိုင်းက သဘောကျကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ချီးကျူးတယ်။ စစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေကိုလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ခွဲခြားပြီး ပြောတယ်။ ဒီလို အမြင်ရှင်းလင်း ပြတ်သားတဲ့ စကားမျိုးကို မကြားရတာ ကြာပြီဖြစ်တဲ့ ပြည်တွင်းပြည်ပ မြန်မာများကလည်း အားရ တက်ကြွကြပါတယ်။ “စု-လွှတ်-တွေ့”လမ်းစဉ်ကိုလည်း ဆုပ်ကိုင်ဆဲပါ။
မျက်မှောက်ကာလမှာ သတင်းစာဆရာအစစ်တွေဟာ ဒီမိုကရေစီရေးဘက်က အပြတ်အသား ရပ်ကြပါတယ်။ အလုပ်ပြုတ်ကြ၊ ထောင်ကျကြတာ များပါတယ်။ ဒီအထဲမှာ အမေလူထုဒေါ်အမာ၊ ဦးဝင်းတင် နဲ့ လူထုစိန်ဝင်းတို့က သတင်းစာဆရာတွေရဲ့ ရှေ့ဆုံးက အရဲရင့်ဆုံး ရပ်တည်ကြပါတယ်။ အမေလူထုဒေါ်အမာဟာ ဦးဝင်းတင်လွတ်မြောက်ရေးကို တဖွဖွ ပြောဆိုပြီး ပူပန်ကြောင့်ကြခဲ့ရှာပါတယ်။ ဦးဝင်းတင်နဲ့တကွ သူ့ရဲဘော် သတင်းစာဆရာတွေအားလုံးဟာ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားကြမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တကယ့် သတင်းစာဆရာတွေဟာ ကမ္ဘာအရေး၊ ဗမာ့အရေးတွေကိုလည်း အမြဲ လေ့လာ သုံးသပ်နေကြသူတွေ ဖြစ်တဲ့အပြင် ပြည်သူ့ဘ၀တွေကို ထောင့်စေ့အောင် သိနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ အမြင်စောင်းကြမှာ မဟုတ်ပါဘူး။

သူများမက်မောတဲ့ ၀န်ကြီးဘ၀က နှုတ်ထွက်ခဲ့သူ ပြည်တော်သာခေတ်က ဟံသာဝတီသတင်းစာ အယ်ဒီတာ သူရိယဦးထွန်းဖေ ခေါ် ထွန်းနေ့စဉ်ဦးထွန်းဖေက ပြောဖူးတာ ရှိပါတယ်။ “သတင်းစာဆရာ၊ သတင်းထောက်တွေ ခေါင်းဆောင်မှု မပါတဲ့ ခေတ် တခေတ်မှ မရှိပါဘူး၊ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ အဲဒီတော့ မေးစရာရှိတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကပဲ ယခုအခါ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး။ သူတို့ အငတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ ထောင်ချခံပီး ခေါင်းဆောင်မှု ပေးတယ်” တဲ့။ မှန်ပါပေတယ်။ သတင်းစာဆရာတွေဟာ ဆက်လက်ပြီး အငတ်ခံ အသတ်ခံကြဦးမှာပဲ လို့ မြေကြီးလက်ခတ်မလွဲ ယုံကြည်လျက် ရှိကြပါကြောင်း။ ။
မောင်စွမ်းရည် ၂၀၀၈၊ အောက်တိုဘာ ၂(မိုးမခမှကူးဟူဖေါ်ပြပါသည်။)


ဆာမူရိုင်းခွန်နှစ်ယောက်နဲ့ ရွာသားများ

Written by thanhtut on Oct 5th, 2008 | Filed under: video


ဇော်မင်း-လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ

နာမည်ကြီး ဂျပန်ရုပ်ရှင် ဒါရိုက်တာတဦးဖြစ်တဲ့ဒါရိုက်တာကူရိုဆားဝါး (ကွယ်လွန်) ရဲ့ ကားဟောင်းတကားကို တနေ့ က ပြန်ကြည့် ဖြစ်ပါတယ်။ ရုပ်ရှင်က အဖြူအမဲကားပါ။ ရုပ်ရှင်အမည်ကတော့ Seven Samurais ဆာမူရိုင်း ခွန်နှစ်ယောက် ဆိုတဲ့ကားပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်နီးပါးတုံးက အလွန်နာမည်ကြီး ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ နာမည် ကြီးလွန်းတဲ့အတွက် ဟောလီးဝုဒ်ကနေ Magnificent Seven ဆိုတဲ့ အမည်ကိုသုံးပြီး ဂတုံး မင်းသား လို့ နာမည်ကျော်ခဲ့တဲ့ ယူဘရိုင်းနားမင်းသားနဲ့ ကောင်းဘွိုင်ကား အသွင်ပြန်လည် ရိုက်ကူး တင်ဆက်ခဲ့ဖူးပါတယ်။

ဆာမူရိုင်းခွန်နှစ်ယောက် ရုပ်ရှင်ဇတ်လမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော်က အလွန်ခေါင်တဲ့ ဂျပန် ကျေးရွာလေး တခုဆီမှာ အခြေခံထားပါတယ်။အဆိုပါရွာကလေးက ဂျပန်ရွာသားတွေဟာ တောင်သူလယ်သမားများ ဖြစ်ပါတယ်။ စပါးပေါ်ချိန် ရောက်တိုင်း ဓါးပြ ဂိုဏ်း တခုက အမြဲလာရောက် ဆက်ကြေးကောက် အနိုင်ကျင့်တာကိုခံနေရသလို ရွာကအရွယ်ကောင်း မိန်းကလေး တွေကိုလည်း သိမ်းပိုက်ခေါ်ဆောင် သွားလေ့ရှိပါတယ်။

အဲသည့် ဓါးပြဂိုဏ်းရဲ့ရန်ကို ကာကွယ်ဖို့ ရွာသားအားလုံးမှာ ဆန္ဒရှိကြပေမဲ့ ဘယ်ကနေစပြီး ဘယ်လိုလုပ်ရမလဲ ဆို တာကိုတော့ တောသားများပီပီ သူတို့နားမလည်ကြပါ။ ရိုးအေး ကြောက်တတ်တာကိုက ရွာသားတွေရဲ့ သဘာဝ။ တဖက်မှာ တိုက်ရေးခိုက် ရေးကိုလည်း နားမလည်၊ စစ်တိုက် ဖူးသူများလည်း မဟုတ်တော့ ဓါးပြဂိုဏ်းကို ပြန်ခံချဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။ လက်နက်ရှိသူကို လက်နက်မဲ့သူက ကြောက်နေ ရသည်မဟုတ်လော။

သို့သော်လည်း တနေ့တော့ ဓါးပြဂိုဏ်းကို ပြန်ခုခံ တိုက်ခိုက်ဖို့အတွက် ရွာသားတွေ အစည်းအဝေး ထိုင်ကြပါတယ်။ ရွာသား တချို့ကတော့ ကိုယ်လည်း ပြန်တိုက်နိုင်တာ မဟုတ်တော့ အချိန်တန်လို့ ဆက်ကြေးလာကောက်ရင် ပေး လိုက်တာ နား အေးတယ် ဆိုပြီး ဆွေးနွေးပါတယ်။ တချို့ရွာသားတွေကတော့ ဓါးပြဂိုဏ်းရဲ့ လူဦးရေဟာ ဘာပဲပြော ပြော ရွာသားတွေထက် နည်းတဲ့အတွက် ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ဆွေးနွေးကြပါတယ်။ ရွာသားတချို့က တော့ ကိုယ်ကလူဦးရေ များပေမဲ့ တိုက်ခိုက်ရေးကို နားမလည်တော့ မကျွမ်းကျင်တော့ ကိုယ်ပဲရက်ရက်စက်စက် နိမ် နှင်းခံရနိုင်တယ်လို့ သုံးသပ်ကြပါ တယ်။ သူ၏မိန်းမ သိမ်းပိုက်ခံလိုက်ရသည့် ရွာသား တဦးကတော့ သည်လိုဆွေး နွေးပါတယ်။ ရွာသားဦးရေက များတဲ့အတွက် ဓား ခုတ်လှံထိုး လေ့ကျင့်ပြီး ဓါးပြဂိုဏ်းကို ပြန်ခုခံသင့်တယ်လို့ ဆိုပြန်ပါ တယ်။ သို့သော်လည်း သူတို့ကို ဘယ်သူက ဓားခုတ် လှံထိုးသင်ပေးမှာလဲဟု ပြန်ဆွေးနွေးသူများရှိသလို၊ တချို့ ရွာ သားတွေက ဒီသဘောက ဟုတ်သလို လိုရှိပေမဲ့ ဓါးပြဂိုဏ်းမှာ ယမ်းထောင်း သေနတ်အချို့ ရှိနေတာကိုတော့ ပြန်ခု ခံဖို့ မလွယ်နိုင်ကြောင်း ပြန်ထောက်ပြကြပါ တယ်။ သည်လိုနဲ့ ဆွေးနွေး ပွဲကြီးဟာ အီလည်လည်နဲ့ တန့်ခံနေပါတယ်။

အဲသည့်အချိန်မှာ ရွာမှာအသက် အကြီးဆုံးဖြစ်တဲ့ အတွေ့အကြုံ အများဆုံးဖြစ်တဲ့ အဖိုးကြီးက ဆာမူရိုင်းတွေကို အခကြေး ငွေပေးငှားပြီး ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ထောက်ပြလာပါတယ်။ ရွာသားအားလုံး တခဲနက်သ ဘောတူကြပါတယ်။ သို့သော် ခြက်ခြင်းပဲ လက်မှိုင်ခြသွားကြပြန်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဆာမူရိုင်းငှားရမ်းခ က အလွန်ဈေးကြီးတဲ့ အတွက် သူတို့ရွာလေးက ထွက်တဲ့စပါးတန်ဖိုးထက်တောင် များနေလို့ ဖြစ်ပါတယ်။ နောက် ဆုံးမှာတော့ အဖိုးကြီးက အောင်မြင်ပြီး နာမည်ကြီးနေတဲ့ ဆာမူရိုင်းများကို ငှားရမ်းခြင်းထက် ဆင်းရဲတဲ့ ဆာမူရိုင်းများ ကိုသာ ရှာဖွေဖို့ ဆုံးဖြတ်ချက် ပေးလိုက်ပါတယ်။

ထိုခေတ်ထိုအခါတုံးက ဂျပန်ဆာမူရိုင်းများဟာ သူတို့ဘဝတိုးတက် ကြီးပွါးရေးအတွက် သင့်တော်ရာအုပ်စုများ ဖွဲ့ပြီး တိုက်ခိုက် ကြပါတယ်။ ဆာမူရိုင်းဆိုတာကလည်း ဓါးခုတ်တတ်ရုံနဲ့ မပြီးပါ။ မျိုးရိုးကပါ ဆာမူရိုင်းမျိုးရိုးဖြစ်မှ လူရိုသေ ရှင်ရိုသေ ရှိတာ လည်း ဖြစ်ပါတယ်။ နိုင်တဲ့အုပ်စုဖက်က နယ်မြေတွေ လယ်ယာတွေကိုသိမ်း၊ ရဲတိုက်အသေးစားလေး တွေဆောက်ပြီး နယ်စား ပယ်စား အသွင်နေကြတဲ့ အတွက် နာမည်ကြီး ဆာမူရိုင်းတွေကို ဈေးပေါပေါနဲ့ ငှားရမ်းဖို့ဆို တာ မဖြစ်နိုင်ပါဖူး။ ဆာမူရိုင်း ဆိုတာ ဂျပန်နိုင်ငံရဲ့ ဇတ်မြင့်လူတန်းစား တမျိုးဖြစ်ပြီး အများအကျိုးအတွက် ဖိနှိပ်ခံ နေရတဲ့ သူများအတွက် အခကြေးငွေ မယူပဲ အလကား လိုက်တိုက် ပေးနေတဲ့ လူမျိုးမဟုတ်တာကိုလည်း ဒါရိုက်တာ က ပုံဖေါ်ထားပါတယ်။ ဆာမူရိုင်းဆိုတာ သူတို့ အောင်မြင်မှု အတွက်သာ တိုက်ခိုက်တဲ့ လူစားမျိုး ဖြစ်ကြောင်း မမေ့ဖို့ ဒါရိုက်တာက လှစ်ဟပြထားခြင်းပါ။

ဒီလိုနဲ့ ဆာမူရိုင်းငှားမဲ့ ရွာသားတအုပ် မြို့တက်သွားကြပါတယ်။

သူတို့ အနေနဲ့ ဝါရင့်ဆာမူရိုင်းကြီး တယောက်ကို ပထမဆုံးတွေ့ပါတယ်။ ဒီဆာမူရိုင်းကြီး အနေနဲ့ ဓါးပြဂိုဏ်းက ရွာသားတွေကို နှိပ်စက်နေတဲ့အပေါ် သနားပေမဲ့ သူတဦးတည်းနဲ့လည်း တိုက်လို့မဖြစ်သေးကြောင်း ရှင်းပြပါတယ်။ အမှန်တော့ ဒီဆာမူရိုင်း ကြီးလည်း အရွယ်ရှိတုံးက နေရာအနှံ့ တိုက်ပွဲတွေဝင်ခဲ့ပေမဲ့ သူရည်မှန်းထားသလို ရဲတိုက် တွေ၊ လယ်မြေတွေ၊ နောက်လိုက် အစေခံတွေနဲ့ သူ့ဘဝဟာ ချမ်းသာမလာခဲ့ပါဖူး။ တိုက်ရေးခိုက်ရေးကနေ အသက် ကြောင့် အနားမယူခင် သူတပါး ကောင်း ကျိုးလေးတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးဦးမှဆိုတဲ့ စိတ်ကူး ကြောင့်သာ ရွာသားများ ငှားရမ်းတာကို လက်ခံ လိုက် တာ ဖြစ်ပါတယ်။ ဆာမူရိုင်း ဘဝကိုလည်း တစတစနဲ့ စိတ် ကုန်ခမ်းနေပုံလည်း ရှိပါတယ်။ ငှားရမ်းခကတော့ များများ မဟုတ် ပါဖူး။ ထမင်းတနေ့သုံးနပ်နဲ့ ဆာကေအရက်အဝ တိုက်မယ်ဆိုတဲ့ သဘောတူညီချက်သာ ဖြစ်ပါတယ်။

အဲသည့်ဆာမူရိုင်းကြီးနောက်မှာ ဆာမူရိုင်းတို့ အတတ်ပညာများ ဆည်းပူးလိုတဲ့ အတွက် တကောက်ကောက် လိုက် နေတဲ့ ဆာမူရိုင်းပေါက်စလေး တဦးလည်းရှိပါတယ်။ အဆိုပါ ဆာမူရိုင်းကလေးဟာ မျိုးရိုးက ဆာမူရိုင်းဖြစ်ပေမဲ့ ဓား ခုတ်လှံထိုး တိုက်ခိုက်ရေး အတတ်ပညာအဖုံဖုံမှာ မကုံလုံသေးတဲ့ အတွက် ဆာမူရိုင်းကြီးနောက်မှာ ဇွတ်အတင်း ပေ ကပ်လိုက်နေပြီး တပည့်ခံနေတဲ့ လူငယ်ဆာမူရိုင်းလေး ဖြစ်ပါတယ်။ သူ့ကို အရည်အသွေး မပြည့်ဝသေးတဲ့ လက်သင် ဆာမူရိုင်းလေးအဖြစ် ဝါရင့်ဆာမူရိုင်းကြီးက သတ်မှတ်ထားပါတယ်။

ဆက်ပြောရရင်တော့ ဆာမူရိုင်းကြီးကပဲ ဦးဆောင်ပြီး နောက်ရက်တွေမှာ နောက်ထပ်ဆာမူရိုင်း ရှာပုံတော်ဖွင့်ပါ တယ်။

ဒုတိယမြောက် ဆာမူရိုင်းတယောက် ထပ်ရပါတယ်။ အဲသည့် ဆာမူရိုင်းက ရွာသားတွေ ခံစားနေရတာကို သူ့အနေ နဲ့ကိုယ်ချင်း စာကြောင်း သို့သော် ဒီလိုအဖြစ်မျိုးတွေက ဂျပန်တနိုင်ငံလုံးမှာ ဖြစ်နေတော့ သူ့အနေနဲ့ ဘာမှမတတ်နိုင် ကြောင်းကိုလည်း ပြောပါတယ်။ ငှားရမ်းခကလည်း မက်လောက်စရာ မရှိတာတပိုင်း ဖြစ်ပါတယ်။ သို့သော် ဝါရင့် ဆာမူရိုင်းကြီးနဲ့ သူက ဟိုတုံးက တိုက်ပွဲအချို့မှာ လက်တွဲတိုက်ဖူးတဲ့ အတွက် ဝါရင့်ကြီးမျက်နှာကိုထောက်လို့ သည် တပွဲတော့ လိုက်တိုက်ပေးပါမယ်လို့ ဂတိ ပြုပါတယ်။

တတိယမြောက် ဆာမူရိုင်းကို ရပုံကတော့ သည်လိုပါ။ အဆိုပါ ဆာမူရိုင်းကတော့ သူရဲ့ ဆာမူရိုင်းအရည်အသွေး ပြည့် သည် ထက် ပြည့်ဝအောင် ကျင့်ကြံနေတဲ့ သူတယောက်ဖြစ်ပါတယ်။ ပြောရရင် သူရဲ့ ဓါးခုတ်ပညာ တဖက်ကမ်း ခတ်အောင် အမြဲ မပြတ်လေ့ကျင့် နေသူလည်း ဖြစ်ပါတယ်။ အများရှေ့မှာ သူ့ကိုပြောင်ပြောင်တင်းတင်း စိမ်ခေါ်လာ တဲ့ တခြားဆာမူရိုင်း တယောက်ကို မျက်စေ့တမှိတ်အတွင်း အသက်ပါပျောက်အောင် ဓါးခုတ်ပညာထက်သူဖြစ်ပါ တယ်။ သူအနေနဲ့ ဝါရင့် ဆာမူရိုင်းကြီး ဖိတ်ခေါ်တာကို လက်ခံလိုက်တာကတော့ တခြားကြောင့်မဟုတ်ပါ။ သူရဲ့ ဓား ခုတ်ပညာကို ဓါးပြဂိုဏ်းနှိမ်နင်းတဲ့ နေရာမှာ လေ့ကျင့်ရာလည်းရောက် လက်တွေ့လည်း အသုံးခြဖို့ အခွင့်အလမ်း ရမှာဖြစ်လို့ ပါပဲ။

စတုတ္ထမြောက် ဆာမူရိုင်းတဦး ထပ်မံရရှိပါတယ်။ သူကတော့ အဆင်းရဲဆုံး ဆာမူရိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆာမူ ရိုင်းဓါးကို ဘေးမှာခြပြီး အိမ်တကာမှာ ထင်းလိုက်ခွဲရင်း ဝမ်းကျောင်းနေရသူ ဖြစ်ပါတယ်။ ဘာဘဲပြောပြော တနေ့ ထမင်းသုံးနပ်နဲ့ ဆာကေအရက်အဝ သောက်ရမဲ့ ကိစ္စက ထင်းခွဲတာထက် ပိုပြီးအဆင်ပြေတယ် ဂုဏ်ရှိတယ်လို့ ယူဆလို့ ဝါရင့်ကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

ပဉ္စမမြောက် ဆာမူရိုင်း ကတော့ တခြားဆာမူရိုင်းတွေထက် ငွေကြေးပိုရှိပုံပေါ်ပါတယ်။ ဝတ်တာ စားတာကလည်း အဖိုးတန် အဝတ်အစားတွေကို ဝတ်ပါတယ်။ ငှားရမ်းခကို မမက်မောသော်လည်း ဆာမူရိုင်းတအုပ် လူစုပြီး ဓါးပြ ဂိုဏ်း နှိမ်နင်းမှာကို စိတ်ဝင်စားလို့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

အဲသည့်အချိန်မှာ ဆာမူရိုင်း လက်သင်ကလေးက ဈေးထဲမှာ စိတ်ဝင်စားဖွယ် ဆာမူရိုင်းတယောက်ကို တွေ့ခဲ့ ကြောင်း၊ အရက်မူးနေပေမဲ့ နှစ်ယောက်တယောက်နဲ့ ခံသတ်ထိုးကြိတ်ကြောင်းကိုလည်း ဝါရင့်ကြီးကို ပြောပြပါတယ်။ ထိုသူကိုလည်း သူတို့အစီအစဉ်မှာ လက်ခံသင့်ကြောင်း ပြောပြလို့ အဲသည့် အရက်သမားရဲ့ ဆာမူရိုင်း အရည်အ သွေးကို စမ်းသပ်ကြည့်တဲ့ အခါမှာ ပေမှီတန်းမှီ မရှိတာကို တွေ့ရပါတယ်။ အဲ့ဒါ့အပြင် စစ်ဆေးကြည့်လိုက်တော့ အရက်သမားဟာ ဆာမူရိုင်း မျိုးရိုးက ဆင်းသက်လာတာ မဟုတ်ပဲ ဆာမူရိုင်းဟန်ဆောင်နေတဲ့ ဆာမူရိုင်း အတုဖြစ် တယ် ဆိုတာပေါ်သွားပါ တယ်။ ဆာမူရိုင်း ဖြစ်ခြင်လွန်းလို့ ဆာမူရိုင်းဟန်ဆောင်နေရတဲ သာမန်အရပ်သား တဦးပါ။ အဲဒါနဲ့ အရက်သမားကို ဝါရင့်ကြီးနဲ့ အဖွဲ့က မရွေး ချယ်လိုက်ပါ။

အချိန်ကလည်း တဖြည်းဖြည်း ကုန်လာတာကြောင့် ဓါးပြတွေ နှိပ်စက်နေတဲ့ ရွာကို ရသမျှသော ဆာမူရိုင်းတွေနဲ့ ချီ တက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဆာမူရိုင်း လက်သင်ကလေးကိုတော့ လက်တိုလက်တောင်း ခိုင်းဖို့ဆိုပြီး ဝါရင့်ကြီးက နောက်ဆုံးမှာ အတူလိုက်ဖို့ လက်ခံလိုက်ပါတယ်။ ခွေးဝင်စားဆာမူရိုင်းလို့ ဆိုရမလားပဲ။

ရွာသားတွေနဲ့ ဆာမူရိုင်း ခြောက်ယောက် သွားရာလမ်းတလျှောက်မှာ အရွေးချယ်မခံရတဲ့ အရက်သမား ဆာမူရိုင်း အတုက တကောက်ကောက်နဲ့လိုက်လာပါတယ်။ ဓါးပြတွေကို သူပါလိုက်တိုက်ပါရစေဆိုတဲ့ သဘောပါ။ နောက်ဆုံး မှာတော့ အားလုံးက ကိုင်း ,,,, လိုက်ခြင်သပဆိုလည်း လိုက်ပစေတော့ဟု လက်ခံလိုက်ရပါတယ်။ ပြောရမယ် ဆိုပါက ဆာမူရိုင်းအစစ်က ငါး ယောက်သာ ရှိပါတယ်။ လက်သင်ကလေးနဲ့ အတုပါထည့် ပေါင်းရင်တော့ ဆာမူရိုင်း ခွန်နှစ်ယောက်ဖြစ် သွားပါပြီ။

သို့သော် အဆိုပါ ဆာမူရိုင်း အားလုံးဟာ နှိပ်စက်ခံနေရတဲ့ ရွာသားများကို သနားမိတာက လွဲလို့ တဦးခြင်းစီမှာ ကိုယ့်စိတ်ကူး၊ ကိုယ့်ရည်ရွယ်ချက်ကိုယ်စီနဲ့ သည်ခရီးကို လိုက်လာကြတာ ဖြစ်ကြောင်း ဒါရိုက်တာက မီးမောင်းထိုး ပြထားပါတယ်။ လူ့သဘောလူ့မနောကို ထောက်ပြတယ်လို့လည်း ဆိုနိုင်ပါတယ်။

ရွာကိုရောက်တော့ ရွာသားတွေရဲ့ လူ့စရိုက်ကိုလည်း တွေ့ရပါတယ်။ တချို့ရွာသားတွေက သူတို့သမီးပျိုတွေကို ဆာမူရိုင်းတွေ က အတည်မယူဘဲ ကြောရယုံကြံသွားမှာစိုးလို့ ယောက်ျားလေးလို ဝတ်ထားခိုင်းတာမျိုး၊ ၀ှက်ထား တာမျိုးတွေ လုပ်တာကို တွေ့ရပါတယ်။ သည်ကြားထဲမှာ ဆာမူရိုင်းတွေ တွေ့သွားမှာစိုးလို့ အစားကောင်းတွေ၊ အရက်ကောင်းတွေကိုလည်း ၀ှက် ထား ကြပါသေးတယ်။ တိုတိုပြောရရင် ဆာမူရိုင်းတွေက ဦးဆောင်ပြီး ရွာသားတွေ ကို ဓားခုတ်လှံထိုးတွေ လေ့ကျင့်ပေးပါ တယ်။ ရွာလုံခြုံရေးအတွက် ဆူးညောင့်ခလုတ်တွေ ပြင်ဆင်ပါတယ်။

သည်ကြားထဲမှာ ဆာမူရိုင်းများ ခံစားချက် မကောင်းဖြစ်ရတာ တခုကို ပုံဖေါ်ထားပါသေးတယ်။ အဲတာကတော့ မမျှော်လင့်ပဲ ရွာသားတွေဆီမှာ ဖွက်ထားတဲ့ တန်ဖိုးကြီးတဲ့ ဆာမူရိုင်းဓါးတွေ၊ အဖိုးတန် တိုက်ပွဲဝင် ချတ်ဝတ်တန် ဆာတွေကိုတွေ့ လိုက်ရလို့ ဖြစ်ပါတယ်။ အဲသည့်ပစ္စည်းတွေကို ရွာသားတွေရပုံက သည်လိုပါ။ ရွာအနီးအနား တ ဝိုက်မှာ ဟိုတုံးက ဆာမူရိုင်းများ တဖွဲ့နဲ့ တဖွဲ့ တိုက်ပွဲဖြစ်လို့ တိုက်ပွဲအပြီး မသေမရှင်ဒဏ်ရာနဲ့ ကျန်နေတဲ့ ဆာမူရိုင်း များကို ရွာသားများကသတ်ပြီး ယူထားတဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။


Photobucket

နောက်ဆုံးမှာတော့ ဓါးပြဂိုဏ်းကို တိုက်ပွဲ အလီလီ ဆင်နွှဲရင်း အောင်ပွဲရလိုက်ပါတယ်။ ဆာမူရိုင်း ခွန်နှစ်ယောက်မှာ
လေးယောက် ကျဆုံးပြီး ရွာသားတချို့လည်း တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။

တဦးချင်းစီ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေတဲ့ ဆာမူရိုင်းအဖွဲ့ရယ်၊ အကြောက်ကြီးတဲ့ ရွာသားတွေရယ်ဟာ တကယ် တော့ တဦးနဲ့တဦး အစပ်အဟပ်မတည့်လှပါဖူး။ သို့သော်လည်း အကြောင်းတရားတခု ပေါင်းစုံလာတဲ့အခါမှာ ကျောခြင်းကပ်ပြီး တိုက်ပွဲတခုအပေါ်မှာ အောင်ပွဲဆင်လိုက်နိုင်ပါတယ်။

ဆာမူရိုင်းတို့ဖက်မှာတော့ ဝါရင့်ကြီးရယ်၊ သူရဲ့တိုက်ဖေါ်တိုက်ဖက်ရယ်၊ လက်သင်လေးရယ်ပဲ အသက်မသေပဲ ကျန်ခဲ့ ပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက သည်အောင်ပွဲဟာ ဆာမူရိုင်းတို့ အောင်ပွဲမဟုတ်ပဲ ရွာသူရွာသားများရဲ့ အောင်ပွဲသာ ဖြစ်ကြောင်း မှတ်ချက်ချပါတယ်။ ကျနော်တို့လည်း ဝင်တိုက်ရတာပဲ၊ ဘာဖြစ်လို့ အဲသလို ပြောနိုင်ရတာလဲ ဆိုတာကို လက်သင်ကလေးက မေးပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက “အောင်ပွဲဆင်လိုတဲ့ စိတ်ဓာတ် ရွာသားတွေ မှာရှိနေလို့” ဟု ဖြေဆိုလိုက်ခြင်းပင်။

ကနေ့ကျနော်တို့ တိုင်းပြည်တွင် ထိုရုပ်ရှင်ထဲမှ ဆာမူရိုင်းများထက် အများကြီး သာလွန်သောသူများ ရှိနေပါတယ်။ ဖိနှိပ်မှုများ ကို တွန်းလှန်ရမည်ဆိုသော ရည်ရွယ်ချက်တူသူများလည်း ဖြစ်ကြပါတယ်။ တိုင်းသူပြည်သားများ လည်း အာဏာရှင် စစ် အစိုးရအောက်မှာ မနေလိုကြ။ လိုနေသည့် အကြောင်းအရင်းများ ဘာကြောင့် မပေါင်းစုံနိုင်ရသနည်း ဆိုတာကိုတော့ ဆန်း စစ်ဖို့လိုနေကြောင်း ဆိုပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၅ရက်၊ စက်တင်ဘာလ၊ ၂ဝဝ၈ ခုနှစ်

http://fine-leaves.blogspot.com/2008/09/blog-post_16.html


ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

Written by thanhtut on Sep 23rd, 2008 | Filed under: IT

တေဇာတေ။ ။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း …
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ … see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ … (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းက မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှား သူတစ်ယောက် ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပါပဲ.. မိတ်ဆွေတို့ရဲ့ ပြည်တွင်းအဆက်အသွယ်တွေကို ဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီး ပေးဖတ်ရင်း သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက် အထောက်အကူပြုကြပါခင်ဗျာ။

တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်။

(အထက်ပါ ပို့စ်လေးကို ဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကို ပြန်မှီငြမ်းထားပါတယ်။)


နအဖဘက်တော်သားများ နှောင့်ယှက်တာမမှုဘဲ ကိုယ့်ဘလော့မှတ်တမ်းတွေ ကျန်ရှိနေရအောင်။

Written by thanhtut on Sep 23rd, 2008 | Filed under: IT, News

ဘလော့ကို Back Up လုပ်နည်း။

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်း လုပ်လို့ ရကြောင်း ရှာတွေ့ တာလေး ပြန်လည်မျှဝေလိုက်ပါတယ်။ သိပြီးသား လည်း ဖြစ်ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ ရတယ်လို့  ဆိုထားပါ တယ်။ တစ်ထောင်ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံး ပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကို ပြောင်းထည့်လိုက်ပါ။

နောက်တစ်ဆင့် က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့  အောက်က လင့်ခ်ကို သွားပါ။

http://blogname.blogspot.com/feeds/posts/default?max-results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့် ပေါ်လာတာကို save page as (Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့ က -

http://blogname.blogspot.com/feeds/comments/default?max-results=1000

ဖြစ်ပါတယ်။

(မူလရေးသားသူ - ဘုရင့်နောင်အား အထူးကျေးဇူးတင်ရှိပါသည်)။


Pages: 1 2 3 4 5 6 7 8 9 Next
  •  

    February 2010
    M T W T F S S
    « Jul    
    1234567
    891011121314
    15161718192021
    22232425262728

  • မြန်မာစာ ကီးလ်ဘုတ် မရှိသူများ မြန်မာစာရေးသားရန်အတွက် ကီးဘုတ်ကိုနှိပ်ပါ
  • ပို့စ်အသစ်တင်တိုင်းမေးလ်ပို့မယ်

    အီးမေးလ် လိပ်စာဖြည့်ပါ။

  • pages

  • tag

    newyear statements
  • Meta

  • visitors

    free web counter
  • Spam Blocked