About Me

အမိမြန်မာနိုင်ငံလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးအတွက်

လှောင်အိမ်ထဲက လွတ်လာတဲ့ ခြင်္သေ့ကြီး

Written by thanhtut on Oct 12th, 2008 | Filed under: News


မောင်စွမ်းရည်
အောက်တိုဘာ ၉၊ ၂၀၀၈

တင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်က လွတ်လာပြီဆိုတော့ ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ နဲ့ ဒေါ်အမာ)တို့ကို ပြေးပြီး သတိရလိုက်မိပါတယ်။ ဦးဝင်းတင်က လူထုဦးလှ နဲ့ ဒေါ်အမာ တို့ကို မန္တလေးလူငယ်တွေ ခေါ်ကြသလိုပဲ ဦးလေးနဲ့ ဒေါ်ဒေါ်လို့ ခေါ်ပါတယ်။ တကယ့်ဆက်ဆံရေးကလည်း တူ သား အရင်းလိုပါပဲ။ ဦးလေး ကွယ်လွန်ပြီး ဒေါ်ဒေါ် ရန်ကုန်ကို အလည်လာတော့ မန္တလေးဇာတိ တူသားတယောက်လိုပဲ ရင်းနှီးတဲ့ မင်းသားကြီး ဦးထွန်းဝေက သူ့အိမ်မှာ ဂုဏ်ပြု ဧည့်ခံပွဲ လုပ်တယ်။

စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ အနုပညာလောကက လူစုံပါတယ်။ အဲဒီပွဲမှာ ဧည့်သည် လေးငါးယောက်က ဂုဏ်ပြုစကား ပြောကြတော့ ဦးဝင်းတင်က “ကျနော့်အမေအရင်းရဲ့ အမည်ကလည်း ဒေါ်အမာပါ၊ လူထုဒေါ်အမာကိုလည်း ကျနော် အမေလိုပဲ သဘောထားပါတယ်။ အမေ မသေပါနဲ့အုံး။ နှစ် ၃၀ လောက် တောင့်ထားပါအုံး” လို့ ပြောခဲ့ပါတယ်။ အမေကလည်း နှစ် ၂၀ လောက်တောင် အောင့်ထားပြီး သတင်းစာဆရာတို့ရဲ့ ကိုယ်စား တိုင်းပြည်အတွက် ပြောစရာ ဆိုစရာ ရှိတာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ ငယ်စဉ် စာတွေပေတွေ ဖတ်ရှုလာစကတည်းက သတင်းစာဆရာ ဖြစ်ဖို့ကိုပဲ စိတ်သန်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တက္ကသိုလ်ရောက်စ၊ အသက် ၁၉-၂၀ အရွယ်ကတည်းကစပြီး ၀င်ခွင့်ရသမျှ စာနယ်ဇင်း ကြီးငယ်တွေမှာ သတင်းစာတိုက်တခု မပြုတ်မချင်း၊ မပိတ်မချင်း ၀င်ရောက်လုပ်ကိုင်ခဲ့တာဟာ ၁၉၇၈ ခုနှစ် ဟံသာဝတီသတင်းစာတိုက် ပိတ်ပြီး စစ်အစိုးရက သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ချိန် အထိ ပါပဲ။ ဒါတောင် ရှစ်လေးလုံးကာလမှာ ရသမျှ အခွင့်အရေးကလေး ယူပြီး သတင်းစာ ထုတ်လိုက်ပါသေးတယ်။ ၀င်ရေးစရာရှိတဲ့ တခြားစာနယ်ဇင်းတွေမှာလည်း ရေးခဲ့ပါတယ်။ သူအလုပ်ပြုတ်တော့ အသက် ၅၀ မပြည့်သေးပါဘူး။ ဉာဏ်မီးတောက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ နိုင်ငံအတွက် အဖိုးတန် သားရတနာတွေကို စစ်ဝါဒီဗိုလ်ချုပ်တစုက အခုလိုပဲ ဖြုတ်ထုတ်သတ်နေတာ ကြာပါပြီ။

ဟံသာဝတီသတင်းစာဆိုတာက ၁၈၉၇ ခုနှစ်မှာ မစ္စတာ ရစ်ပလီက တည်ထောင်ခဲ့တာပါ။ သူက မင်းတုန်းမင်းကြီးရဲ့ မွေးစားသားတယောက်ပါ။ သားတော်ရင်းတွေနဲ့ ရွှေမြို့တော်မှာ ပညာသင်ဖက်ပါ။ သူ့ပုံနှိပ်တိုက်ဟာ ပိဋိကတ်သုံးပုံရော၊ ပုံမနှိပ်ဖူးသေးတဲ့ ရှေးစာပေတွေရော၊ လွှတ်တော်သုံး ရေးထုံးသတ်ထုံးတွေနဲ့ တလုံးတပါဒ အမှားမခံဘဲ ရှေးဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်ကြီးပါ။ ၁၇၉၈ ခုနှစ်က တည်ထောင်တာ ဆိုတော့ ခုဆိုရင် ၁၁၁ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ဟံသာဝတီသတင်းစာလည်းရှိ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့လည်းရှိ၊ ဦးဝင်းတင်ရော ကျနော်တို့ရော မန္တလေးမှာ အတူရှိနေခဲ့ကြရင်တော့ ရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြမှာ မလွဲပါဘူး။ ခုလို အဖိုးတန် သက်တော်ရှည် စာအုပ်တိုက်ကြီးတွေ၊ သတင်းစာတိုက်ကြီးတွေကို ပိတ်ခဲ့ဆို့ခဲ့ ဖျက်ဆီးခဲ့တာလည်း စစ်ဗိုလ်ချုပ်တစုပါပဲ။ ဒီလို အကုသိုလ်တွေ ရပ်ကြဖို့ ကောင်းလှပါပြီ။

ကြေးမုံသတင်းစာကြီးမှာ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းက စီမံအုပ်ချုပ်ရေးမှာသာ အဓိက လုပ်ခဲ့တာပါ။ ဦးသောင်းက စည်းရုံးရေး၊ စီမံအုပ်ချုပ်ရေး ကောင်းပါတယ်။ ဆရာဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးကြီးမောင်၊ ဦးဝင်းတင် စတဲ့ စာပေ လူရည်ချွန်တွေကို စုစည်းပြီး ကြေးမုံသတင်းစာကြီးကို ထူထောင်ခဲ့ရာမှာ ဦးဝင်းတင်ဟာ အမှုဆောင်အယ်ဒီတာအဖြစ်နဲ့ တိုက်ထိုင်အယ်ဒီတာကြီ ဖြစ်ပါတယ်။ အသောက်အစား၊ လောင်းကစား စတဲ့ ကိစ္စတွေ ကင်းပါတယ်။ လွန်ကျွံတာ ဘာမှ မရှိပါဘူး။ ဆေးလိပ် မသောက်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာက “လူပေလူတေ”ကြီးတွေ များပေမဲ့ သူက မပေ မတေဘဲ တိုက်ကိုလာသမျှ လူငယ်ကဗျာဆရာတွေ ပန်းချီကာတွန်းဆရာတွေကို ဧည့်ခံပြုစုနေလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးမှာ သတင်းစာအယ်ဒီတာတချို့ အဖမ်းခံရတော့ အပြင်မှာ ကျန်ရစ်တဲ့ သားသမီးတွေ ကျောင်းနေရေးကအစ သူ့လခ သူမသုံးဘဲ ထောက်ပံ့ကူညီခဲ့သူပါ။ သူက သတင်းစာနဲ့ အိမ်ထောင်ကျနေသူလို့ ပြောခံရသူပါ။ အိမ်ထောင် မရှိပါ။ သူနဲ့ တသက်လုံး ရင်းနှီးလာတဲ့ ဆရာဒဂုန်တာရာကတော့ “သူကား သတင်းစာအလုပ်ကို ဧကမူစိတ်နှင့် လုပ်နေသူတည့်”လို့ မှတ်ချက်ချခဲ့ပါတယ်။ [ဒီအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း ရေးဖူးပါတယ်။]
ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းစာဆရာကြီးတွေကို အထူး လေးစား အားကျပါတယ်။ ဦးခင်မောင်လတ်တို့နဲ့လည်း တူသားအရင်းလို ခင်မင်ရင်းနှီးပါတယ်။ ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ဖွင့်ပွဲလုပ်တော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေး သတင်းစာဆရာ၊ စာရေးဆရာကြီးများကို အမှူးထားပါတယ်။ ဦးလေး လူထုဦးလှက ဂုဏ်ပြုကြိုဆိုစကား ပြောတော့ ထုံးစံအတိုင်း ပုံပြင်လေးတခုနဲ့ ခြေဆင်းပြောပါတယ်။

တခါက ခြင်္သေ့မကြီးတကောင် သားဖွားတော့ သားသမီးတွေ တပြုံကြီး မွေးလေ့ရှိတဲ့ မြေခွေးမက မီးနေ မေးလာသတဲ့။ ခြင်္သေ့မကတော့ သားတကောင်းတည်းပဲ မွေးထားတယ်။ မြေခွေးမက “ဟင်-ရှင် မွေးတာ တကောင်တည်းပါလား”လို့ မလိုတမာ လေသံနဲ့ မေးသတဲ့။ ဒီတော့ ခြသေ့င်္မကြီးက “အေး ဟုတ်တယ်၊ တကောင်းတည်းတော့ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ခြသေ့င်္ဟဲ့” လို့ ပြန်ပြောလိုက်သတဲ့။ မြန်မာသတင်းစာ စတင်ပေါ်ထွန်းရာ မန္တလေး ရတာနာပုံမြို့ကြီးမှာ စစ်အစိုးရရဲ့ကောင်းမှုကြောင့် စာနယ်ဇင်း တစောင်တလေမျှ မရှိတော့တဲ့ကာလမှာ ဦးဝင်းတင်လို ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ သတင်းစာကြီးတစောင် လာဖွင့်တာဆိုတော့ ဦးလေး လူထုဦးလှက ဒီဖွင့်ပွဲအတွက် အထိုက်တန်ဆုံးပုံပြှုလေးနဲ့ ချီးမြှင့်ခဲ့တာဟာ ပြောစမှတ် ပြုရပါတယ်။ ခု ဦးဝင်းတင်တယောက် ထောင်ကလွတ်လာပြီဆိုတော့ ဦးလေးကို အမှတ်ရပြီး “ဦးလေးရဲ့သား ခြသေ့င်္ကြီး လှောင်ချိုင့်က လွတ်လာပြီ ဦးလေးရေ”လို့ ဟစ်အော် တိုင်တည်လိုက်ချင်မိတာကတော့ ကျနော့်ရင်ထဲမှာ ပေါ်လာတဲ့ ဆန္ဒပါပဲ။

ဦးဝင်းတင်က မန္တလေးမှာဆိုရင် ဦးလေးနဲ့အတူ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေး အရေးကြီးငယ်ဟူသမျှ လက်ညီ တက်ညီ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလေး သူ့ကိုယ်သူ ပြောလေ့ရှိသလို “မယားပါ မန္တလေးသား”မျိုး ဖြစ်အောင်အထိ ဦးဝင်းတင်အတွက် မြို့မိမြို့ဖတွေက လိုလားခဲ့ကြပါတယ်။ ပါမောက္ခချုပ်ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နဲ့ သတင်းစာဆရာ ဦးဝင်းတင် တို့ဟာ ဦးလေးနဲ့တကွ မြို့လူထုကပါ အသည်းစွဲ ချစ်ခင်ခြင်းခံကြရတဲ့ အမိ မန္တလေးရဲ့ အမွေစား အမွေခံ မွေးစားသားရတနာတွေ ဖြစ်ခဲ့ကြပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အရင်းနှီးဆုံး ချစ်မိတ်ဆွေတွေလည်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ဦးဝင်းတင်က ရတနာပုံမြို့တော်သားတွေ ပြောလေ့ရှိခဲ့တဲ့ “မန်းမနီး ရေဝေး”ကပါ။ ကြို့ပင်ကောက် ဇာတိပါ။ မိဘတွေက ဦးပု၊ ဒေါ်အမာ တဲ့။ ကုန်သည်မျိုးရိုးပါ။ သားသမီး မွေးချင်း သုံးယောက်အနက် သားကြီးသြရဿပါ။ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဆိုတော့ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးဖွားခဲ့သူ ရွှေမန်းသားစစ်စစ် ဆရာမောင်သာရနဲ့မှ ရွယ်တူပါ။ နိုင်ငံရေးကိုတော့ ငယ်စဉ်ကပဲ ၀ါသနာပါခဲ့ဟန် တူပါရဲ့။ နိုင်ငံရေးဗေဒ နဲ့ ခေတ်သစ်သမိုင်းကို ယူခဲ့ပါတယ်။ စာပေ၀ါသနာ အရင်းခံရှိလို့ အင်္ဂလိပ်စာပေကိုလည်း တွဲယူခဲ့ပြီး ၁၉၅၃ မှာ ၀ိဇ္ဇာဘွဲ့ ယူခဲ့သူပါ။

ဘွဲ့ရတော့ စာပေဗိမာန်မှာ ၀င်လုပ်တယ်။ ၀င်လုပ်ရင်း နယ်သာလန်နိုင်ငံ ဒတ်ခ်ျ အမျိုးသားသတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ ဂျမ်ဘာတမ်ကုမ္ပဏီကို သွားပြီး “လူထုသိပ္ပံ”အတွဲများနဲ့ နှစ်ငါးဆယ် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုတဲ့ စာအုပ်တွဲများကို ကြီးကြပ် ပုံနှိပ်ရင်း သတင်းစာပညာ၊ ပုံနှိပ်ပညာ၊ စာအုပ်တည်းဖြတ်မှုပညာ၊ ထုတ်ဝေမှုပညာတွေကို သုံးနှစ်မျှ သင်ယူခဲ့ရပါတယ်။ နယ်သာလန်မှာက ဗင်ဂိုးပြတိုက်ကြီးလည်း ရှိတယ်ဆိုတော့ ဥရောပက ပန်းချီပြတိုက်တွေ၊ ပြပွဲတွေကို လေ့လာခံစားဖို့လည်း မမေ့မလျော့ လုပ်ခဲ့ပါတယ်။ နယ်ချဲ့တို့၊ ဖက်ဆစ်တို့ရဲ့ ခြေရာလက်ရာတွေကိုလည်း လက်တွေ့ ရှုမြင် သုံးသပ်ခွင့် ကြုံခဲ့ရပါတယ်။

ကျနော် နယ်သာလန်က စာပေစာတမ်းဖတ်ပွဲတခုကို သွားတော့ သူငယ်ချင်း တင်မိုးရဲ့ သမီး ဒေါက်တာ မိုးမိုးနျင်းလိုက်ပြလို့ ဦးဝင်းတင်တို့၊ ဦးတင်မိုးတို့ သွားခဲ့ ရောက်ခဲ့ လေ့လာခဲ့တဲ့ နေရာတွေကို ရောက်ခဲ့ရတော့ သူတို့နှစ်ဦးလုံးနဲ့ လည်ပင်းဖက်ပြီး သွားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဆရာတင်မိုးက နယ်သာလန်မှာ နေပေမယ့် ဂျပန်ကို စာပေဟောပြောပွဲ သွားနေခိုက်ဖြစ်လိုပ မဆုံခဲ့ရတာပါ။ ဦးဝင်းတင်ကတော့ ထောင်ထဲမှာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ခင်ကတော့ ဦးဝင်းတင်ရဲ့အခန်းဟာ ကျနော်တို့ရဲ့ စုရပ်ပါ။ ပန်းချီပြပွဲတွေ ရှိရင်တော့ ဦးဝင်းတင်နဲ့ အတူကြည့်ရတာ အလွန် ပညာလည်းတိုး၊ ရသလည်းတိုးပါတယ်။ ဦးဝင်းတင်ဟာ “အလှရှာတော်ပုံ” ဆိုတဲ့ စာအုပ်တအုပ် ပြုစုပြီး မြန်မာလူငယ်တွေကို မြန်မာ့ပန်းချီသမိုင်း၊ ကမ္ဘာ့ပန်းချီသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့သူတဦး မဟုတ်ပါလား။

ရန်ကုန် သရက်တောဘုန်းကြိးကျောင်းတွေနားက၊ လမ်းသစ်ရိပ်သာထပ်က တိုက်ခန်းတခုမှာ ဦးဝင်းတင် နေခဲ့ပါတယ်။ သူ့အိမ်ပြတင်းမှာ သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့ ပန်းအိုးကြီးတွေ ချိန်ထားတယ်။ အဲဒီတိုက်ခန်းမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ရဲ့ အခန်းတွေလိုပဲ စာအုပ်ပုံအကြီးကြီးတွေ အပြည့် ရှိပါတယ်။ အဲဒီအခန်းမှာ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား စတဲ့ သူ့အပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး သူ့ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးလေ့ ရှိပါတယ်။ မန္တလေးမှာ အိမ်နေရာ နှစ်ခါပြေင်းခဲ့ပါတယ်။ နှစ်ခါလုံး ကျနော်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အပေါင်းအသင်း ကြီးငယ်တွေကို ဖိတ်ခေါ် ကျွေးမွေးရင်း စာအကြောင်း ပေအကြောင်းတွေကို ဆွေးနွေး ပြောဆိုလေ့ ရှိခဲ့ပါတယ်။
ဦးဝင်းတင်ဟာ သတင်းစာဆရာအသင်း အတွင်းရေးမှူးလည်း လုပ်ခဲ့၊ သတင်းစာဆရာ သင်တန်းတွေမှာလည်း ကထိက လုပ်ခဲ့ ဆိုတော့ သတင်းစာသမား တပည့်တပန်း အပေါင်းအသင်းကလည်း အလွန်များပါတယ်။ တပည့်တွေထဲမှာ စစ်ဗိုလ်တွေလည်း ပါကြပြီး သူ့ကို လေးစား ချစ်ခင်ကြပေမယ့် အကျွမ်းတ၀င်တော့ နေရလောက်အောင် ကံမကောင်းကြရှာပါ။ သူ့အိမ်မှာ ဆုံလေ့ရှိတဲ့ ပရိသတ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဖိတ်ခေါ်ရဘဲ ဦးဝင်းတင်နဲ့အတူ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြပါတယ်။

ဦးဝင်းတင်ဟာ ပေါ်သစ် အမည်နဲ့ စာပေဝေဖန်ရေး၊ ပန်းချီဝေဖန်ရေးတို့ကို ရေးသားရာမှာ ပညာရှင်များ လေးစားလောက်အောင် အဆင့်အတန်း မြင့်ပါတယ်။ မောင်ဝန်ဇင်း၊ ပြည့်စုံ၊ မောင်ကြီးမြိုင်၊ ကိုဒေါင်း၊ စာသမား၊ မောင်သစ်ဆင်း စတဲ့ နာမည်တွေနဲ့လည်း သူ့သူငယ်ချင်း မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းမှာ စာစုံ ရေးခဲ့ပါတယ်။ ဒီအမည်တွေနဲ့ သူရေးခဲ့တယ်လို့ သူက မပြောဖူးခဲ့၊ ကျနော်တို့ကလည်း မမေးဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီလက်ရာတွေကိုကြည့်ပြီး သူမှတပါး တခြားလူတွေ ရေးနိုင်ဖွယ်မရှိပါ ဆိုပြီး ကျနော်ကတော့ ဒီအမည်တွေကိုလည်း သူ့အမည်အဖြစ်နဲ့ စာရင်းကောက်ထားလိုက်ပါတယ်။ ခု သူ ထောင်ကလွတ်လာတော့ သူ့ကို လှမ်းမေးပြီး ဒီကလောင်အမည်ခွဲတွေကို အတည်ပြုရပါဦးမယ်။
ဟံသာဝတီသတင်းစာဟာ မဆလသတင်းစာပါ။ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ကို ၀ါဒဖြန့်ခိုင်းတာပါ။ ဒါပေမဲ့ ဦးဝင်းတင်က “သတင်းစာဆိုတာ ဘာလဲ” ဆိုတဲ့ ခေါင်းကြီးနဲ့ စပြီး “ချဲ”ပါတယ်။ နောက်ထပ်လည်း အကြိမ်ကြိမ် ဒါကိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ သတင်းစာဆိုတာ အာဏာရှင်တွေ ငွေရှင်ကြေးရှင်တွေ မဟုတ်တာ လုပ်ရာမှာ ကာကွယ်ပေးတဲ့ “စက္ကူကန့်လန့်ကာ” မဟုတ်၊ ပြည်သူတွေ အမှန်မမြင်ရအောင် နားမျက်စိကို ဖုံးကွယ်ပေးတဲ့ “စက္ကူမျက်နှာဖုံး”လည်း မဟုတ်၊ ၀ါဒဖြန့်စာရွက်လည်း မဟုတ်၊ “ဘုန်းတော်ဘွဲ့”လည်း မဟုတ်၊ အားလုံးကောင်းပါသည် ဆိုတဲ့ “အစီရင်ခံစာ”မျိုးလည်း မဟုတ်၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့ရဲ့ “ဖောင်တော်စီးလက်မှတ်”လည်း မဟုတ်၊ ပြည်သူတွေနဲ့ အစိုးရကြား၊ အစိုးရနဲ့ အစိုးရချင်းတို့ရဲ့ကြား၊ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ကြား ဘာသာပြန်ပေးတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ ပြည်သူတို့ရဲ့ အာဘော၊ ပြည်သူတို့ကို အသိပညာပေးတဲ့စာ၊ ပြည်သူတို့ကို လှုံ့ဆော်တဲ့ စာကိုမှသာ သတင်းစာခေါ်တယ်။ ပြည်သူတွေကို မှောင်ချခြင်းဟာ မကောင်းမှုလုပ်ချင်လို့ အမှောင်ကြိုက်တဲ့ ခိုးသားဓားပြတွေရဲ့ အကြိုက်သာဖြစ်တယ်လို့လည်း သတင်းတွေကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့ လုပ်ချင်သူတွေကို ဒဲ့ဒိုး ချဲခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်၊ စာပေလတ်လပ်ခွင့်ရှိဖို့ပါပဲ။

မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အနေနဲ့ ဦးလေး လူထုဦးလှ ဦးဆောင်ပြီး ကျနော်တို့ လုပ်နေတဲ့ စာတမ်းဖတ်ပွဲတွေဟာ မဆလအစိုးရရဲ့ စာပေလုပ်သားအဖွဲ့ ပေါ်လာတော့မှာမို့ ရပ်လိုက်ရတယ်။ ဦးဝင်းတင်က စာတမ်းဖတ်ပွဲတွေကို သူ့ရဲ့ ဟံသာဝတီသတင်းစာ “စနေစာပေ၀ိုင်း” မှာ ဆက်လုပ်တယ်။ ကြုံရင်ကြုံသလို လုပ်ရင်းက ရန်ကုန်က စာရေးဆရာတွေလည်း ပါဝင်လာကြတယ်။ စာအုပ်တွေလည်း ထုတ်တယ်။ မန်း ဟံသာဝတီ ငါးနှစ်မြောက်အထိမ်းအမှတ် စာအုပ်လည်း ထုတ်တယ်။ အဓိကကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ ဒီလိုဟာတွေ ပြောလွန်းလို့လည်း ဗိုလ်နေ၀င်းကိုယ်တိုင် မျက်စိစပါးမွေး စူးလာပြီး သတင်းစာလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်ချလိုက်ခဲ့တာ ဖြစ်ပါတယ်။

ခု ဦးဝင်းတင် ထောင်က လွတ်လာပြီ။ ပြည်ပက သတင်းဌာနမျိုးစုံနဲ့ ပြောကြ ဆိုကြတာတွေကို ကြားရသူတိုင်းက သဘောကျကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ချီးကျူးတယ်။ စစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေကိုလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ခွဲခြားပြီး ပြောတယ်။ ဒီလို အမြင်ရှင်းလင်း ပြတ်သားတဲ့ စကားမျိုးကို မကြားရတာ ကြာပြီဖြစ်တဲ့ ပြည်တွင်းပြည်ပ မြန်မာများကလည်း အားရ တက်ကြွကြပါတယ်။ “စု-လွှတ်-တွေ့”လမ်းစဉ်ကိုလည်း ဆုပ်ကိုင်ဆဲပါ။
မျက်မှောက်ကာလမှာ သတင်းစာဆရာအစစ်တွေဟာ ဒီမိုကရေစီရေးဘက်က အပြတ်အသား ရပ်ကြပါတယ်။ အလုပ်ပြုတ်ကြ၊ ထောင်ကျကြတာ များပါတယ်။ ဒီအထဲမှာ အမေလူထုဒေါ်အမာ၊ ဦးဝင်းတင် နဲ့ လူထုစိန်ဝင်းတို့က သတင်းစာဆရာတွေရဲ့ ရှေ့ဆုံးက အရဲရင့်ဆုံး ရပ်တည်ကြပါတယ်။ အမေလူထုဒေါ်အမာဟာ ဦးဝင်းတင်လွတ်မြောက်ရေးကို တဖွဖွ ပြောဆိုပြီး ပူပန်ကြောင့်ကြခဲ့ရှာပါတယ်။ ဦးဝင်းတင်နဲ့တကွ သူ့ရဲဘော် သတင်းစာဆရာတွေအားလုံးဟာ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားကြမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တကယ့် သတင်းစာဆရာတွေဟာ ကမ္ဘာအရေး၊ ဗမာ့အရေးတွေကိုလည်း အမြဲ လေ့လာ သုံးသပ်နေကြသူတွေ ဖြစ်တဲ့အပြင် ပြည်သူ့ဘ၀တွေကို ထောင့်စေ့အောင် သိနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ အမြင်စောင်းကြမှာ မဟုတ်ပါဘူး။

သူများမက်မောတဲ့ ၀န်ကြီးဘ၀က နှုတ်ထွက်ခဲ့သူ ပြည်တော်သာခေတ်က ဟံသာဝတီသတင်းစာ အယ်ဒီတာ သူရိယဦးထွန်းဖေ ခေါ် ထွန်းနေ့စဉ်ဦးထွန်းဖေက ပြောဖူးတာ ရှိပါတယ်။ “သတင်းစာဆရာ၊ သတင်းထောက်တွေ ခေါင်းဆောင်မှု မပါတဲ့ ခေတ် တခေတ်မှ မရှိပါဘူး၊ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ အဲဒီတော့ မေးစရာရှိတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကပဲ ယခုအခါ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး။ သူတို့ အငတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ ထောင်ချခံပီး ခေါင်းဆောင်မှု ပေးတယ်” တဲ့။ မှန်ပါပေတယ်။ သတင်းစာဆရာတွေဟာ ဆက်လက်ပြီး အငတ်ခံ အသတ်ခံကြဦးမှာပဲ လို့ မြေကြီးလက်ခတ်မလွဲ ယုံကြည်လျက် ရှိကြပါကြောင်း။ ။
မောင်စွမ်းရည် ၂၀၀၈၊ အောက်တိုဘာ ၂(မိုးမခမှကူးဟူဖေါ်ပြပါသည်။)


ဆာမူရိုင်းခွန်နှစ်ယောက်နဲ့ ရွာသားများ

Written by thanhtut on Oct 5th, 2008 | Filed under: video


ဇော်မင်း-လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ

နာမည်ကြီး ဂျပန်ရုပ်ရှင် ဒါရိုက်တာတဦးဖြစ်တဲ့ဒါရိုက်တာကူရိုဆားဝါး (ကွယ်လွန်) ရဲ့ ကားဟောင်းတကားကို တနေ့ က ပြန်ကြည့် ဖြစ်ပါတယ်။ ရုပ်ရှင်က အဖြူအမဲကားပါ။ ရုပ်ရှင်အမည်ကတော့ Seven Samurais ဆာမူရိုင်း ခွန်နှစ်ယောက် ဆိုတဲ့ကားပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်နီးပါးတုံးက အလွန်နာမည်ကြီး ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ နာမည် ကြီးလွန်းတဲ့အတွက် ဟောလီးဝုဒ်ကနေ Magnificent Seven ဆိုတဲ့ အမည်ကိုသုံးပြီး ဂတုံး မင်းသား လို့ နာမည်ကျော်ခဲ့တဲ့ ယူဘရိုင်းနားမင်းသားနဲ့ ကောင်းဘွိုင်ကား အသွင်ပြန်လည် ရိုက်ကူး တင်ဆက်ခဲ့ဖူးပါတယ်။

ဆာမူရိုင်းခွန်နှစ်ယောက် ရုပ်ရှင်ဇတ်လမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော်က အလွန်ခေါင်တဲ့ ဂျပန် ကျေးရွာလေး တခုဆီမှာ အခြေခံထားပါတယ်။အဆိုပါရွာကလေးက ဂျပန်ရွာသားတွေဟာ တောင်သူလယ်သမားများ ဖြစ်ပါတယ်။ စပါးပေါ်ချိန် ရောက်တိုင်း ဓါးပြ ဂိုဏ်း တခုက အမြဲလာရောက် ဆက်ကြေးကောက် အနိုင်ကျင့်တာကိုခံနေရသလို ရွာကအရွယ်ကောင်း မိန်းကလေး တွေကိုလည်း သိမ်းပိုက်ခေါ်ဆောင် သွားလေ့ရှိပါတယ်။

အဲသည့် ဓါးပြဂိုဏ်းရဲ့ရန်ကို ကာကွယ်ဖို့ ရွာသားအားလုံးမှာ ဆန္ဒရှိကြပေမဲ့ ဘယ်ကနေစပြီး ဘယ်လိုလုပ်ရမလဲ ဆို တာကိုတော့ တောသားများပီပီ သူတို့နားမလည်ကြပါ။ ရိုးအေး ကြောက်တတ်တာကိုက ရွာသားတွေရဲ့ သဘာဝ။ တဖက်မှာ တိုက်ရေးခိုက် ရေးကိုလည်း နားမလည်၊ စစ်တိုက် ဖူးသူများလည်း မဟုတ်တော့ ဓါးပြဂိုဏ်းကို ပြန်ခံချဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။ လက်နက်ရှိသူကို လက်နက်မဲ့သူက ကြောက်နေ ရသည်မဟုတ်လော။

သို့သော်လည်း တနေ့တော့ ဓါးပြဂိုဏ်းကို ပြန်ခုခံ တိုက်ခိုက်ဖို့အတွက် ရွာသားတွေ အစည်းအဝေး ထိုင်ကြပါတယ်။ ရွာသား တချို့ကတော့ ကိုယ်လည်း ပြန်တိုက်နိုင်တာ မဟုတ်တော့ အချိန်တန်လို့ ဆက်ကြေးလာကောက်ရင် ပေး လိုက်တာ နား အေးတယ် ဆိုပြီး ဆွေးနွေးပါတယ်။ တချို့ရွာသားတွေကတော့ ဓါးပြဂိုဏ်းရဲ့ လူဦးရေဟာ ဘာပဲပြော ပြော ရွာသားတွေထက် နည်းတဲ့အတွက် ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ဆွေးနွေးကြပါတယ်။ ရွာသားတချို့က တော့ ကိုယ်ကလူဦးရေ များပေမဲ့ တိုက်ခိုက်ရေးကို နားမလည်တော့ မကျွမ်းကျင်တော့ ကိုယ်ပဲရက်ရက်စက်စက် နိမ် နှင်းခံရနိုင်တယ်လို့ သုံးသပ်ကြပါ တယ်။ သူ၏မိန်းမ သိမ်းပိုက်ခံလိုက်ရသည့် ရွာသား တဦးကတော့ သည်လိုဆွေး နွေးပါတယ်။ ရွာသားဦးရေက များတဲ့အတွက် ဓား ခုတ်လှံထိုး လေ့ကျင့်ပြီး ဓါးပြဂိုဏ်းကို ပြန်ခုခံသင့်တယ်လို့ ဆိုပြန်ပါ တယ်။ သို့သော်လည်း သူတို့ကို ဘယ်သူက ဓားခုတ် လှံထိုးသင်ပေးမှာလဲဟု ပြန်ဆွေးနွေးသူများရှိသလို၊ တချို့ ရွာ သားတွေက ဒီသဘောက ဟုတ်သလို လိုရှိပေမဲ့ ဓါးပြဂိုဏ်းမှာ ယမ်းထောင်း သေနတ်အချို့ ရှိနေတာကိုတော့ ပြန်ခု ခံဖို့ မလွယ်နိုင်ကြောင်း ပြန်ထောက်ပြကြပါ တယ်။ သည်လိုနဲ့ ဆွေးနွေး ပွဲကြီးဟာ အီလည်လည်နဲ့ တန့်ခံနေပါတယ်။

အဲသည့်အချိန်မှာ ရွာမှာအသက် အကြီးဆုံးဖြစ်တဲ့ အတွေ့အကြုံ အများဆုံးဖြစ်တဲ့ အဖိုးကြီးက ဆာမူရိုင်းတွေကို အခကြေး ငွေပေးငှားပြီး ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ထောက်ပြလာပါတယ်။ ရွာသားအားလုံး တခဲနက်သ ဘောတူကြပါတယ်။ သို့သော် ခြက်ခြင်းပဲ လက်မှိုင်ခြသွားကြပြန်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဆာမူရိုင်းငှားရမ်းခ က အလွန်ဈေးကြီးတဲ့ အတွက် သူတို့ရွာလေးက ထွက်တဲ့စပါးတန်ဖိုးထက်တောင် များနေလို့ ဖြစ်ပါတယ်။ နောက် ဆုံးမှာတော့ အဖိုးကြီးက အောင်မြင်ပြီး နာမည်ကြီးနေတဲ့ ဆာမူရိုင်းများကို ငှားရမ်းခြင်းထက် ဆင်းရဲတဲ့ ဆာမူရိုင်းများ ကိုသာ ရှာဖွေဖို့ ဆုံးဖြတ်ချက် ပေးလိုက်ပါတယ်။

ထိုခေတ်ထိုအခါတုံးက ဂျပန်ဆာမူရိုင်းများဟာ သူတို့ဘဝတိုးတက် ကြီးပွါးရေးအတွက် သင့်တော်ရာအုပ်စုများ ဖွဲ့ပြီး တိုက်ခိုက် ကြပါတယ်။ ဆာမူရိုင်းဆိုတာကလည်း ဓါးခုတ်တတ်ရုံနဲ့ မပြီးပါ။ မျိုးရိုးကပါ ဆာမူရိုင်းမျိုးရိုးဖြစ်မှ လူရိုသေ ရှင်ရိုသေ ရှိတာ လည်း ဖြစ်ပါတယ်။ နိုင်တဲ့အုပ်စုဖက်က နယ်မြေတွေ လယ်ယာတွေကိုသိမ်း၊ ရဲတိုက်အသေးစားလေး တွေဆောက်ပြီး နယ်စား ပယ်စား အသွင်နေကြတဲ့ အတွက် နာမည်ကြီး ဆာမူရိုင်းတွေကို ဈေးပေါပေါနဲ့ ငှားရမ်းဖို့ဆို တာ မဖြစ်နိုင်ပါဖူး။ ဆာမူရိုင်း ဆိုတာ ဂျပန်နိုင်ငံရဲ့ ဇတ်မြင့်လူတန်းစား တမျိုးဖြစ်ပြီး အများအကျိုးအတွက် ဖိနှိပ်ခံ နေရတဲ့ သူများအတွက် အခကြေးငွေ မယူပဲ အလကား လိုက်တိုက် ပေးနေတဲ့ လူမျိုးမဟုတ်တာကိုလည်း ဒါရိုက်တာ က ပုံဖေါ်ထားပါတယ်။ ဆာမူရိုင်းဆိုတာ သူတို့ အောင်မြင်မှု အတွက်သာ တိုက်ခိုက်တဲ့ လူစားမျိုး ဖြစ်ကြောင်း မမေ့ဖို့ ဒါရိုက်တာက လှစ်ဟပြထားခြင်းပါ။

ဒီလိုနဲ့ ဆာမူရိုင်းငှားမဲ့ ရွာသားတအုပ် မြို့တက်သွားကြပါတယ်။

သူတို့ အနေနဲ့ ဝါရင့်ဆာမူရိုင်းကြီး တယောက်ကို ပထမဆုံးတွေ့ပါတယ်။ ဒီဆာမူရိုင်းကြီး အနေနဲ့ ဓါးပြဂိုဏ်းက ရွာသားတွေကို နှိပ်စက်နေတဲ့အပေါ် သနားပေမဲ့ သူတဦးတည်းနဲ့လည်း တိုက်လို့မဖြစ်သေးကြောင်း ရှင်းပြပါတယ်။ အမှန်တော့ ဒီဆာမူရိုင်း ကြီးလည်း အရွယ်ရှိတုံးက နေရာအနှံ့ တိုက်ပွဲတွေဝင်ခဲ့ပေမဲ့ သူရည်မှန်းထားသလို ရဲတိုက် တွေ၊ လယ်မြေတွေ၊ နောက်လိုက် အစေခံတွေနဲ့ သူ့ဘဝဟာ ချမ်းသာမလာခဲ့ပါဖူး။ တိုက်ရေးခိုက်ရေးကနေ အသက် ကြောင့် အနားမယူခင် သူတပါး ကောင်း ကျိုးလေးတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးဦးမှဆိုတဲ့ စိတ်ကူး ကြောင့်သာ ရွာသားများ ငှားရမ်းတာကို လက်ခံ လိုက် တာ ဖြစ်ပါတယ်။ ဆာမူရိုင်း ဘဝကိုလည်း တစတစနဲ့ စိတ် ကုန်ခမ်းနေပုံလည်း ရှိပါတယ်။ ငှားရမ်းခကတော့ များများ မဟုတ် ပါဖူး။ ထမင်းတနေ့သုံးနပ်နဲ့ ဆာကေအရက်အဝ တိုက်မယ်ဆိုတဲ့ သဘောတူညီချက်သာ ဖြစ်ပါတယ်။

အဲသည့်ဆာမူရိုင်းကြီးနောက်မှာ ဆာမူရိုင်းတို့ အတတ်ပညာများ ဆည်းပူးလိုတဲ့ အတွက် တကောက်ကောက် လိုက် နေတဲ့ ဆာမူရိုင်းပေါက်စလေး တဦးလည်းရှိပါတယ်။ အဆိုပါ ဆာမူရိုင်းကလေးဟာ မျိုးရိုးက ဆာမူရိုင်းဖြစ်ပေမဲ့ ဓား ခုတ်လှံထိုး တိုက်ခိုက်ရေး အတတ်ပညာအဖုံဖုံမှာ မကုံလုံသေးတဲ့ အတွက် ဆာမူရိုင်းကြီးနောက်မှာ ဇွတ်အတင်း ပေ ကပ်လိုက်နေပြီး တပည့်ခံနေတဲ့ လူငယ်ဆာမူရိုင်းလေး ဖြစ်ပါတယ်။ သူ့ကို အရည်အသွေး မပြည့်ဝသေးတဲ့ လက်သင် ဆာမူရိုင်းလေးအဖြစ် ဝါရင့်ဆာမူရိုင်းကြီးက သတ်မှတ်ထားပါတယ်။

ဆက်ပြောရရင်တော့ ဆာမူရိုင်းကြီးကပဲ ဦးဆောင်ပြီး နောက်ရက်တွေမှာ နောက်ထပ်ဆာမူရိုင်း ရှာပုံတော်ဖွင့်ပါ တယ်။

ဒုတိယမြောက် ဆာမူရိုင်းတယောက် ထပ်ရပါတယ်။ အဲသည့် ဆာမူရိုင်းက ရွာသားတွေ ခံစားနေရတာကို သူ့အနေ နဲ့ကိုယ်ချင်း စာကြောင်း သို့သော် ဒီလိုအဖြစ်မျိုးတွေက ဂျပန်တနိုင်ငံလုံးမှာ ဖြစ်နေတော့ သူ့အနေနဲ့ ဘာမှမတတ်နိုင် ကြောင်းကိုလည်း ပြောပါတယ်။ ငှားရမ်းခကလည်း မက်လောက်စရာ မရှိတာတပိုင်း ဖြစ်ပါတယ်။ သို့သော် ဝါရင့် ဆာမူရိုင်းကြီးနဲ့ သူက ဟိုတုံးက တိုက်ပွဲအချို့မှာ လက်တွဲတိုက်ဖူးတဲ့ အတွက် ဝါရင့်ကြီးမျက်နှာကိုထောက်လို့ သည် တပွဲတော့ လိုက်တိုက်ပေးပါမယ်လို့ ဂတိ ပြုပါတယ်။

တတိယမြောက် ဆာမူရိုင်းကို ရပုံကတော့ သည်လိုပါ။ အဆိုပါ ဆာမူရိုင်းကတော့ သူရဲ့ ဆာမူရိုင်းအရည်အသွေး ပြည့် သည် ထက် ပြည့်ဝအောင် ကျင့်ကြံနေတဲ့ သူတယောက်ဖြစ်ပါတယ်။ ပြောရရင် သူရဲ့ ဓါးခုတ်ပညာ တဖက်ကမ်း ခတ်အောင် အမြဲ မပြတ်လေ့ကျင့် နေသူလည်း ဖြစ်ပါတယ်။ အများရှေ့မှာ သူ့ကိုပြောင်ပြောင်တင်းတင်း စိမ်ခေါ်လာ တဲ့ တခြားဆာမူရိုင်း တယောက်ကို မျက်စေ့တမှိတ်အတွင်း အသက်ပါပျောက်အောင် ဓါးခုတ်ပညာထက်သူဖြစ်ပါ တယ်။ သူအနေနဲ့ ဝါရင့် ဆာမူရိုင်းကြီး ဖိတ်ခေါ်တာကို လက်ခံလိုက်တာကတော့ တခြားကြောင့်မဟုတ်ပါ။ သူရဲ့ ဓား ခုတ်ပညာကို ဓါးပြဂိုဏ်းနှိမ်နင်းတဲ့ နေရာမှာ လေ့ကျင့်ရာလည်းရောက် လက်တွေ့လည်း အသုံးခြဖို့ အခွင့်အလမ်း ရမှာဖြစ်လို့ ပါပဲ။

စတုတ္ထမြောက် ဆာမူရိုင်းတဦး ထပ်မံရရှိပါတယ်။ သူကတော့ အဆင်းရဲဆုံး ဆာမူရိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆာမူ ရိုင်းဓါးကို ဘေးမှာခြပြီး အိမ်တကာမှာ ထင်းလိုက်ခွဲရင်း ဝမ်းကျောင်းနေရသူ ဖြစ်ပါတယ်။ ဘာဘဲပြောပြော တနေ့ ထမင်းသုံးနပ်နဲ့ ဆာကေအရက်အဝ သောက်ရမဲ့ ကိစ္စက ထင်းခွဲတာထက် ပိုပြီးအဆင်ပြေတယ် ဂုဏ်ရှိတယ်လို့ ယူဆလို့ ဝါရင့်ကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

ပဉ္စမမြောက် ဆာမူရိုင်း ကတော့ တခြားဆာမူရိုင်းတွေထက် ငွေကြေးပိုရှိပုံပေါ်ပါတယ်။ ဝတ်တာ စားတာကလည်း အဖိုးတန် အဝတ်အစားတွေကို ဝတ်ပါတယ်။ ငှားရမ်းခကို မမက်မောသော်လည်း ဆာမူရိုင်းတအုပ် လူစုပြီး ဓါးပြ ဂိုဏ်း နှိမ်နင်းမှာကို စိတ်ဝင်စားလို့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

အဲသည့်အချိန်မှာ ဆာမူရိုင်း လက်သင်ကလေးက ဈေးထဲမှာ စိတ်ဝင်စားဖွယ် ဆာမူရိုင်းတယောက်ကို တွေ့ခဲ့ ကြောင်း၊ အရက်မူးနေပေမဲ့ နှစ်ယောက်တယောက်နဲ့ ခံသတ်ထိုးကြိတ်ကြောင်းကိုလည်း ဝါရင့်ကြီးကို ပြောပြပါတယ်။ ထိုသူကိုလည်း သူတို့အစီအစဉ်မှာ လက်ခံသင့်ကြောင်း ပြောပြလို့ အဲသည့် အရက်သမားရဲ့ ဆာမူရိုင်း အရည်အ သွေးကို စမ်းသပ်ကြည့်တဲ့ အခါမှာ ပေမှီတန်းမှီ မရှိတာကို တွေ့ရပါတယ်။ အဲ့ဒါ့အပြင် စစ်ဆေးကြည့်လိုက်တော့ အရက်သမားဟာ ဆာမူရိုင်း မျိုးရိုးက ဆင်းသက်လာတာ မဟုတ်ပဲ ဆာမူရိုင်းဟန်ဆောင်နေတဲ့ ဆာမူရိုင်း အတုဖြစ် တယ် ဆိုတာပေါ်သွားပါ တယ်။ ဆာမူရိုင်း ဖြစ်ခြင်လွန်းလို့ ဆာမူရိုင်းဟန်ဆောင်နေရတဲ သာမန်အရပ်သား တဦးပါ။ အဲဒါနဲ့ အရက်သမားကို ဝါရင့်ကြီးနဲ့ အဖွဲ့က မရွေး ချယ်လိုက်ပါ။

အချိန်ကလည်း တဖြည်းဖြည်း ကုန်လာတာကြောင့် ဓါးပြတွေ နှိပ်စက်နေတဲ့ ရွာကို ရသမျှသော ဆာမူရိုင်းတွေနဲ့ ချီ တက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဆာမူရိုင်း လက်သင်ကလေးကိုတော့ လက်တိုလက်တောင်း ခိုင်းဖို့ဆိုပြီး ဝါရင့်ကြီးက နောက်ဆုံးမှာ အတူလိုက်ဖို့ လက်ခံလိုက်ပါတယ်။ ခွေးဝင်စားဆာမူရိုင်းလို့ ဆိုရမလားပဲ။

ရွာသားတွေနဲ့ ဆာမူရိုင်း ခြောက်ယောက် သွားရာလမ်းတလျှောက်မှာ အရွေးချယ်မခံရတဲ့ အရက်သမား ဆာမူရိုင်း အတုက တကောက်ကောက်နဲ့လိုက်လာပါတယ်။ ဓါးပြတွေကို သူပါလိုက်တိုက်ပါရစေဆိုတဲ့ သဘောပါ။ နောက်ဆုံး မှာတော့ အားလုံးက ကိုင်း ,,,, လိုက်ခြင်သပဆိုလည်း လိုက်ပစေတော့ဟု လက်ခံလိုက်ရပါတယ်။ ပြောရမယ် ဆိုပါက ဆာမူရိုင်းအစစ်က ငါး ယောက်သာ ရှိပါတယ်။ လက်သင်ကလေးနဲ့ အတုပါထည့် ပေါင်းရင်တော့ ဆာမူရိုင်း ခွန်နှစ်ယောက်ဖြစ် သွားပါပြီ။

သို့သော် အဆိုပါ ဆာမူရိုင်း အားလုံးဟာ နှိပ်စက်ခံနေရတဲ့ ရွာသားများကို သနားမိတာက လွဲလို့ တဦးခြင်းစီမှာ ကိုယ့်စိတ်ကူး၊ ကိုယ့်ရည်ရွယ်ချက်ကိုယ်စီနဲ့ သည်ခရီးကို လိုက်လာကြတာ ဖြစ်ကြောင်း ဒါရိုက်တာက မီးမောင်းထိုး ပြထားပါတယ်။ လူ့သဘောလူ့မနောကို ထောက်ပြတယ်လို့လည်း ဆိုနိုင်ပါတယ်။

ရွာကိုရောက်တော့ ရွာသားတွေရဲ့ လူ့စရိုက်ကိုလည်း တွေ့ရပါတယ်။ တချို့ရွာသားတွေက သူတို့သမီးပျိုတွေကို ဆာမူရိုင်းတွေ က အတည်မယူဘဲ ကြောရယုံကြံသွားမှာစိုးလို့ ယောက်ျားလေးလို ဝတ်ထားခိုင်းတာမျိုး၊ ၀ှက်ထား တာမျိုးတွေ လုပ်တာကို တွေ့ရပါတယ်။ သည်ကြားထဲမှာ ဆာမူရိုင်းတွေ တွေ့သွားမှာစိုးလို့ အစားကောင်းတွေ၊ အရက်ကောင်းတွေကိုလည်း ၀ှက် ထား ကြပါသေးတယ်။ တိုတိုပြောရရင် ဆာမူရိုင်းတွေက ဦးဆောင်ပြီး ရွာသားတွေ ကို ဓားခုတ်လှံထိုးတွေ လေ့ကျင့်ပေးပါ တယ်။ ရွာလုံခြုံရေးအတွက် ဆူးညောင့်ခလုတ်တွေ ပြင်ဆင်ပါတယ်။

သည်ကြားထဲမှာ ဆာမူရိုင်းများ ခံစားချက် မကောင်းဖြစ်ရတာ တခုကို ပုံဖေါ်ထားပါသေးတယ်။ အဲတာကတော့ မမျှော်လင့်ပဲ ရွာသားတွေဆီမှာ ဖွက်ထားတဲ့ တန်ဖိုးကြီးတဲ့ ဆာမူရိုင်းဓါးတွေ၊ အဖိုးတန် တိုက်ပွဲဝင် ချတ်ဝတ်တန် ဆာတွေကိုတွေ့ လိုက်ရလို့ ဖြစ်ပါတယ်။ အဲသည့်ပစ္စည်းတွေကို ရွာသားတွေရပုံက သည်လိုပါ။ ရွာအနီးအနား တ ဝိုက်မှာ ဟိုတုံးက ဆာမူရိုင်းများ တဖွဲ့နဲ့ တဖွဲ့ တိုက်ပွဲဖြစ်လို့ တိုက်ပွဲအပြီး မသေမရှင်ဒဏ်ရာနဲ့ ကျန်နေတဲ့ ဆာမူရိုင်း များကို ရွာသားများကသတ်ပြီး ယူထားတဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။


Photobucket

နောက်ဆုံးမှာတော့ ဓါးပြဂိုဏ်းကို တိုက်ပွဲ အလီလီ ဆင်နွှဲရင်း အောင်ပွဲရလိုက်ပါတယ်။ ဆာမူရိုင်း ခွန်နှစ်ယောက်မှာ
လေးယောက် ကျဆုံးပြီး ရွာသားတချို့လည်း တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။

တဦးချင်းစီ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေတဲ့ ဆာမူရိုင်းအဖွဲ့ရယ်၊ အကြောက်ကြီးတဲ့ ရွာသားတွေရယ်ဟာ တကယ် တော့ တဦးနဲ့တဦး အစပ်အဟပ်မတည့်လှပါဖူး။ သို့သော်လည်း အကြောင်းတရားတခု ပေါင်းစုံလာတဲ့အခါမှာ ကျောခြင်းကပ်ပြီး တိုက်ပွဲတခုအပေါ်မှာ အောင်ပွဲဆင်လိုက်နိုင်ပါတယ်။

ဆာမူရိုင်းတို့ဖက်မှာတော့ ဝါရင့်ကြီးရယ်၊ သူရဲ့တိုက်ဖေါ်တိုက်ဖက်ရယ်၊ လက်သင်လေးရယ်ပဲ အသက်မသေပဲ ကျန်ခဲ့ ပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက သည်အောင်ပွဲဟာ ဆာမူရိုင်းတို့ အောင်ပွဲမဟုတ်ပဲ ရွာသူရွာသားများရဲ့ အောင်ပွဲသာ ဖြစ်ကြောင်း မှတ်ချက်ချပါတယ်။ ကျနော်တို့လည်း ဝင်တိုက်ရတာပဲ၊ ဘာဖြစ်လို့ အဲသလို ပြောနိုင်ရတာလဲ ဆိုတာကို လက်သင်ကလေးက မေးပါတယ်။ ဝါရင့်ဆာမူရိုင်းကြီးက “အောင်ပွဲဆင်လိုတဲ့ စိတ်ဓာတ် ရွာသားတွေ မှာရှိနေလို့” ဟု ဖြေဆိုလိုက်ခြင်းပင်။

ကနေ့ကျနော်တို့ တိုင်းပြည်တွင် ထိုရုပ်ရှင်ထဲမှ ဆာမူရိုင်းများထက် အများကြီး သာလွန်သောသူများ ရှိနေပါတယ်။ ဖိနှိပ်မှုများ ကို တွန်းလှန်ရမည်ဆိုသော ရည်ရွယ်ချက်တူသူများလည်း ဖြစ်ကြပါတယ်။ တိုင်းသူပြည်သားများ လည်း အာဏာရှင် စစ် အစိုးရအောက်မှာ မနေလိုကြ။ လိုနေသည့် အကြောင်းအရင်းများ ဘာကြောင့် မပေါင်းစုံနိုင်ရသနည်း ဆိုတာကိုတော့ ဆန်း စစ်ဖို့လိုနေကြောင်း ဆိုပါရစေ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၅ရက်၊ စက်တင်ဘာလ၊ ၂ဝဝ၈ ခုနှစ်

http://fine-leaves.blogspot.com/2008/09/blog-post_16.html


ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

Written by thanhtut on Sep 23rd, 2008 | Filed under: IT

တေဇာတေ။ ။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း …
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ … see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ … (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းက မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှား သူတစ်ယောက် ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပါပဲ.. မိတ်ဆွေတို့ရဲ့ ပြည်တွင်းအဆက်အသွယ်တွေကို ဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီး ပေးဖတ်ရင်း သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက် အထောက်အကူပြုကြပါခင်ဗျာ။

တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်။

(အထက်ပါ ပို့စ်လေးကို ဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကို ပြန်မှီငြမ်းထားပါတယ်။)


နအဖဘက်တော်သားများ နှောင့်ယှက်တာမမှုဘဲ ကိုယ့်ဘလော့မှတ်တမ်းတွေ ကျန်ရှိနေရအောင်။

Written by thanhtut on Sep 23rd, 2008 | Filed under: IT, News

ဘလော့ကို Back Up လုပ်နည်း။

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်း လုပ်လို့ ရကြောင်း ရှာတွေ့ တာလေး ပြန်လည်မျှဝေလိုက်ပါတယ်။ သိပြီးသား လည်း ဖြစ်ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ ရတယ်လို့  ဆိုထားပါ တယ်။ တစ်ထောင်ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံး ပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကို ပြောင်းထည့်လိုက်ပါ။

နောက်တစ်ဆင့် က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့  အောက်က လင့်ခ်ကို သွားပါ။

http://blogname.blogspot.com/feeds/posts/default?max-results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့် ပေါ်လာတာကို save page as (Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့ က -

http://blogname.blogspot.com/feeds/comments/default?max-results=1000

ဖြစ်ပါတယ်။

(မူလရေးသားသူ - ဘုရင့်နောင်အား အထူးကျေးဇူးတင်ရှိပါသည်)။


မျှော်လင့်သော အကြည့် (VCD)

Written by thanhtut on Aug 24th, 2008 | Filed under: video


ထူးအိမ်သင်ကွယ်လွန်ခြင်း (၄)နှစ်ပြည့်အမှတ်တရ

Written by thanhtut on Aug 17th, 2008 | Filed under: memory

ဓာတ်ပုံကို ပုဂံနတ်ဘလောက်မှရယူပါသည်။

… အသက်သည်အိပ်မက် …

. . . . အိပ်မက်သည်သူ . . . .
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း သစ္စာကြွင်းစေ။
မြတ်နိုးခြင်းကြွင်းစေ။

သျှပ်မှူးကျော်

(အဝေးသို့ ပျံသန်းသွားသော “ငှက်”)
လူသိပ်မသိသေးတဲ့ ကိုငှက်ရဲ့ မျက်ကန်းချစ်ဆိုတဲ့သီချင်းလေးတပုဒ်ကို အမှတ်တရဖော်ပြလိုက်ပါသည်။
အဘဦးထွန်းမြင့်(ကျန်းမာရေးအရာရှိ)နှင့် အမိဒေါ်မြရင်(သူနာပြုဆရာမကြီး)တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံးဖြစ်သည် ။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး ကိုငွေသီးဟုအဓိပ္ပာယ်ရသော “ပေါ်စွမ်း”ဟူသည့် မွန်ဘာသာဖြင့်ငယ်နာမည်လည်းရှိခဲ့သည် ။ သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့်လည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော ဖြစ်သည်။

အ.မ.က (၂၀) ပုသိမ်‌တွင် မူလတန်းပညာကို သင်‌ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်‌မှ အထက်‌တန်းအောင်‌မြင်‌ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ဒေသကောလိပ်‌သို့တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်‌တက္ကသိုလ်‌မှ ရုက္ခဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

ဂီတနှင့်ပတ်သတ်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်း နှင့် ဦးစန်းတင့်(လမ်းစဉ်လူငယ်ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး မော်လမြိုင်မြို့၌ ဦးအောင်စိုး ( KC.Francis ) ထံတွင် ဂီတပညာနှင့် ဂီတသင်္ကေတများကို ဆက်လက်ဆည်းပူးခဲ့သည် ။

၁၉၈၁ ဒေသကောလိပ်ကျောင်းသားဘဝတွင် “ မြ ” အမည်ရှိ ကျောင်းတွင်းကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများရေးသားခဲ့သည် ။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် “ အမေ … အမေ ဝမ်းရည်စပ်တယ်ဆိုရင် ခွင့်လွှတ်ပါ ။ သားရင်ထဲမှာ ကဗျာ ” ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာအဖြစ်ထင်ရှားအမှတ်ရစေခဲ့သည် ။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက် ဖြင့် “မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍ ” ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင်ရွေးချယ်ခြင်းခံခဲ့ရသည် ။ လင်းထက် နာမည်ဖြင့်ပင် ကဗျာရေးခဲ့သည် ။ သူ၏ အခြားကလောင်အမည်တစ်ခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ်ဖော်ပြခဲ့သည့် တစ်ပုဒ်တည်းသောကဗျာမှာ “သက်တန့်မြစ်” ဖြစ်ပြီး သရဖူမဂ္ဂဇင်း(ဟောင်း) နှစ်ပတ်လည်အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် “နာရီပေါ်မှမျက်ရည်စက်များ” တေးစီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ၁၉၈၆ မှ ၂၀၀၄ ခုနှစ် ကွယ်လွန်သည်အထိ တစ်ကိုယ်တော်တေးစီးရီးပေါင်း ၁၄ ခွေ ထွက်ရှိခဲ့ပြီး ဂီတညီအစ်ကိုမောင်နှမများနှင့်အတူ တွဲဖက်သီဆိုခဲ့သော စီးရီးပေါင်း များစွာရှိခဲ့သည် ။ –စာရေးဆရာမ ဂျူး ၏ ရေမြောသီး အမည်ရှိ အသံထွက်ဝတ္ထုခွေ တွင် မြရဲ့လ ဝတ္ထုတိုကို ရွတ်ဖတ်ပေးခဲ့သည် ။

၁၉၈၈ အရေးအခင်းအပြီးတွင် မြန်‌မာနိုင်‌ငံလုံးဆိုင်‌ရာကျောင်းသားများဒီမိုကရက်‌တစ်‌တပ်‌ဦး(ABSDF)၌ ပြန်‌ကြားရေးတာဝန်‌ခံအဖြစ် အဆိုတော်‌မွန်းအောင်‌ နှင့် အတူ ခေတ္တမျှ တာဝန်‌ထမ်းဆောင်‌ခဲ့သည်။ “အရေးကြီးပြီ” ဆိုသောတိုက်‌ပွဲဝင်‌သီချင်းကို ထိုစဉ်‌ကရေးစပ်‌ခဲ့ခြင်းဖြစ်‌သည်။ ထို့နောက် မြို့ပေါ်‌သို့ပြန်‌လာပြီး အနုပညာလုပ်‌ငန်များကို ဆက်‌လက်‌လုပ်‌ဆောင်‌ခဲ့သည်။

၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက်‌၄၂နှစ်‌အရွယ်‌တွင် ကွယ်‌လွန်‌ခဲ့သည်။

သူ့ကိုချစ်တဲ့ ပရိသတ်တွေက သူ့ကိုအမှတ်တရအဖြစ် ထူးအိမ်သင်ဒေါ့ကွန်း (http://www.htooeainthin.com) ဟုသော ဝက်ဆိုဒ်လေးတစ်ခုကို ပူးပေါင်း တည်ဆောက်ပေးခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် သူ့၏ လုပ်ဖော်ကိုင်ဖက်များ၊ ငယ်ပေါင်းများဖြစ်သော တေးရေးဆရာများ၊ ကဗျာဆရာများ၊ စာရေးဆရာများနှင့် စာနယ်ဇင်းသမားများ စသည်တို့ရေးသားခဲ့ကြသည့် သူကွယ်လွန်ခြင်း ၂ နှစ်ပြည့်အမှတ်တရစာများကို သူ၏ ငယ်သူငယ်ချင်းဖြစ်သူ စာရေးဆရာ ကဗျာဆရာ သိမ်းတင်သား (ကြွက်နီ)မှ စီစဉ် စုစည်း၍ အစိမ်းရင့်ရောင်ရက်စွဲများ အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည် ။



ကမ်းလင့်မဲ့လက်များ

Written by thanhtut on Aug 15th, 2008 | Filed under: video


နည်းပညာ တက္ကသိုလ်ကျောင်းသူတစ်ဦး ကျောင်းတက်နေရင်း မြွေကိုက်ခံရပြီး သေဆုံးရခြင်းအပေါ် ဗကသ (နိုင်ငံခြားရေးရာကော်မတီ)မှ သတင်းထုတ်ပြန်ချက်။

Written by thanhtut on Aug 14th, 2008 | Filed under: annoucement

စာအမှတ် – ၀၅။ ၂၀၀၈
ရက်စွဲ – သြဂုတ် ၁၃။ ၂၀၀၈။

၁။ သြဂုတ်လ (၄)ရက်နေ့ မှာ ရန်ကုန်နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မမြတ်ဆုမွန် ကျောင်းတက်ချိန်အတွင်း ကျောင်းစားသောက်ဆိုင်မှာ ထိုင်နေရင်း မြွေကိုက် ခံခဲ့ရသည်ဟု နအဖ. (၉)ရက်နေ့ ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ မြွေကိုက်ခံရတဲ့ မမြတ်ဆုမွန်ကို မြွေဆိပ်ဖြေဆေး အချိန်မှီ ထိုးနိုင်ခြင်း မရှိတဲ့အတွက် ဆေးရုံတစ်ရုံမှ တစ်ရုံကို ပြောင်းရွေ့ ရင်း လမ်းမှာတင် သေဆုံးသွားရသည်ဟုလည်း ဆက်လက် ရေးသားထားသည်။

၂။ ထိုသို့  မြွေကိုက်သေဆုံးရခြင်းမှာ တက္ကသိုလ်တစ်ခုမှာ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ တက္ကသိုလ်ဆေးရုံ။ ဆေးခန်း မထားရှိခြင်းနှင့် ကျောင်းများကို မလိုအပ်ဘဲ ဝေးလံသီခေါင်သော အရပ်ဒေသများတွင် သွားရောက် ဖွင့်လှစ်ထား ခြင်းတို့ ကြောင့် ဖြစ်ကြောင်း တွေ့ ရှိရသည်။

၃။ ခေတ်မီနေသော ယနေ့  ကမ္ဘာကြီးတွင် တိုင်းပြည်ကို ခေတ်မီဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြောင်း တဖွဖွ ပြောဆိုနေသည့် နအဖစစ်အစိုးရအနေနှင့် တက္ကသိုလ်တက်ရင်း ကျောင်းသူတစ်ဦး မြွေကိုက်သေဆုံးရသော အဖြစ်အပျက်သည် အစိုးရတစ်ခုအတွက် အလွန်ရှက်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။

၎။ ယခု မမြတ်ဆုမွန် ကျောင်းတက်နေရင်း မြွေကိုက်သေဆုံးရသော ဖြစ်စဉ်ကို ပြန်ကြည့်လျှင် စစ်အစိုးရသည် ကျောင်းသားတွေကို တစ်နေရာတည်းတွင် စုစည်းမိမှာစိုးသည့် အချက်တစ်ခုတည်းကြောင့် မြို့ ပြင်တွင် ထုတ်ထားခြင်း၊ တက္ကသိုလ်တွေအတွက် လိုအပ်သော ဆေးရုံ။ ဆေးခန်းတွေနှင့် မထားရှိခြင်းနှင့် တိုင်းပြည်အတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုမရှိခြင်းတို့ ကြောင့် ဖြစ်ကြောင်း တွေ့ ရသည်။

၎။ နည်းပညာ တက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန် မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ). တွဲဖက်တာဝန်ခံ ကိုဇင်မောင်က ယခုကဲ့သို့  ပြောခဲ့သည်၊

“တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတစ်ခုအနေနဲ့  တာဝန်ယူရမဲ့ ကိစ္စတွေမှာ တာဝန်မယူဘဲ လျစ်လျူရှူထားလို့  အခုလို လူ့ အသက်တစ်ချောင်း မသေသင့်ဘဲ သေရတာပါ။ ဒါဟာ စစ်အစိုးရကနေ သူတို့ ကို ဆန့် ကျင်မှာကြောက်ပြီး ဖိနှိပ်မှု လက်နက်တစ်ခုသဖွယ် အသုံးပြုပြီး တက္ကသိုလ်တွေကို ဝေးလံတဲ့အရပ်တွေကို ပို့ ထားခြင်းရဲ့  နောက်ဆက်တွဲ အကျိုးဆက် ဖြစ်ပါတယ်။ ဒီ ကျောင်းသူတစ်ယောက် သေဆုံးရတာဟာ နအဖ စစ်အစိုးရအပေါ်မှာ လုံးလုံးတာဝန် ရှိတယ်လို့  ပြောချင်ပါတယ်။ နောက်တစ်ခုက ဒီဖြစ်ရပ်က နအဖရဲ့  ပညာရေးစနစ်လက်အောက်မှာ မပြည့်မစုံနဲ့  ပညာသင်ကြားနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့  ဘ၀ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်”။

နိုင်ငံခြားရေးရာကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်။


Google မှဂျပန်ရှိ လူနေအဆောက်အဦး၊လမ်းများ၊ဆိုင်များကို street view (မြင်ကွင်းကျယ်ဓာတ်ပုံ)ဖြင့်လှပစွာ မြင်နိုင်အောင် ပထမဦးဆုံးတီထွင်ခြင်း

Written by thanhtut on Aug 9th, 2008 | Filed under: News

Google ကုမ္မဏီမှ ဂျပန်နိုင်ငံတွင်နေထိုင်သူများအဆင်ပြေနိုင်ရေးအတွက် နေရာဒေသ ၊လူနေအိမ်၊ စားသောက်ဆိုင်၊ ကုမ္မဏီရုံးများအား အလွယ်တကူရှာဖွေနိုင်သော နောက်ဆုံးပေါ် street view (မြင်ကွင်းကျယ်ဓာတ်ပုံ) ဖြင့် လှပစွာမြင်နိုင်သော tokyo google map ကို တီထွင်လိုက်ပါသည်။ မိမိကိုယ်တိုင်အပြင်တွင်လမ်းလျှောက်၍ အိမ်။လမ်းနေရာကိုရှာဖွေနေသည်ဟု ထင်မှတ်မှားလောက်အောင် ဓာတ်ပုံနည်းပညာဖြင့် ဖန်တီးထားပါသည်။လောလောဆယ် တိုကျိုမြို့ ၂၃ရပ်ကွက် အတွင်းသာကြည့်နိုင်အောင် စီစဉ်ထားပါသည်။ထပ်မံတိုးချဲ့၍ အခြားမြို့ကြီးများရှိနေရာများလည်း ကြည့်နိုင်အောင်လည်း စီစဉ် ပြုလုပ်နေသည်ဟုသိရပါသည်။ ဂျပန်နိုင်ငံသားများအတွက် ဂျပန်ဘာသာဖြင့်သာ Google web site (http://maps.google.co.jp/maps?hl=ja&tab=wl) တွင်ရှာဖွေနိုင်ရန်စီစဉ်ထားသောလည်း နိုင်ငံခြားသားများအတွက် search engine တွင် Romanji စာလုံးဖြင့် မိမိရှာဖွေလိုသော မြို့၊အိမ်နေရာနံမည်များကိုထည့်၍ အလွယ်တကူရှာဖွေနိုင်ပါသည်။

ဤကဲ့သို့ မိမိသွားရောက်ရှာဖွေလိုသောနေရာများကို လွယ်ကူစွာ သွားရောက်နိုင်၍ အဆင်ပြေလှသည်ဆိုသော်လည်း မကောင်းမှုပြုလုပ်လိုသူများ၊ ရာဇ၀တ်မှုပြုလုပ်လိုသူများ ဤတီထွင်ဖန်တီးမှုကို အခွင့်ကောင်းယူ၍ မကောင်းမှုများပြုလုပ်လာမည်ကို စိုးရိမ်ရကြောင်း သတင်းများအရသိရပါသည်။

မြန်မာလူမျိုးအများဆုံးနေထိုင်သော တိုကျိုမြို့ရှိမြန်မာများသိရှိနိုင်စေရန်အတွက် အသုံးပြုပုံ အဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။ အသုံးပြုနည်းမှာလည်းလွယ်ပါသည်။

ပထမဦးဆုံး http://www.google.co.jp/ လင့်ခ်ကိုသွားပါ။ ထို့နောက် 地図 ဟုရေးထားသောနေရာကို နှိပ်ပါ။

 
ဥပမာအနေဖြင့် - takadanobaba ဟုရေး၍ အထက်ပါပုံတွင်ပြသထားသည့်အတိုင်းရေး၍ မိမိကွန်ပြူတာရှိ enter ခလုတ်ကိုနှိပ်ပါ။
ဂျပန်ဘာသာ kenji စကားလုံးဖြင့် 高田馬場駅(東京)ဖြင့် အထက်ပါပုံကဲ့သို့ ပေါ်လာပါလိမ့်မည်။ ၎င်းစကားလုံးကို နှိပ်ပါ။ နောက် စာမျက်နှာသို့ပြောင်းသွားပြီး သင်သွားရောက်လိုသော အနီးဆုံးနေရာကို မြေပုံဖြင့် ပြသပါလိမ့်မည်။

ထို့နောက် အထက်ပါမြေပုံအပေါ်ဘယ်ဖက်ဒေါင့်တွင်ရှိသော ストリートビューစာလုံးကိုနှိပ်ပါ။
အထက်ပါပုံကဲ့သို့ အ၀ါရောင်လူ (icon) လေးပေါ်လာပါလိမ့်မည်။ အဆိုပါ အ၀ါရောင်လူ iconလေးကို မိမိ၏ ဘယ်ဘက် mouse clip ဖြင့် မိမိသွားလိုရာနှိပ်ဆွဲပါ။
လှပစွာ လူသွားနေအိမ်လမ်းများကို ဓာတ်ပုံမြင်ကွင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ထို့နောက် အထက်ပါပုံရှိ全画面表示 ကိုနှိပ်ပါ။ မြင်ကွင်းကျယ်ဖြင့် လှပစွာပေါ်လာပါလိမ့်မည်။ ထို့နောက်မိမိသွားလိုသောနေရာအတိအကျကို ပုံတွင်ပြထားသောမျှားကိုနှိပ်၍နှိပ်၍ လွယ်ကူစွာရှာဖွေသွားလာနိုင်ပါသည်။


Pages: Prev 1 2 3 4 5 6 7 8 9 10 Next